Wednesday, March 31, 2010

နိုင်ငံရေးပါတီများ ရေးသားထုတ်ဝေခွင့်ကို စည်းကမ်းချက်များဖြင့် ကန့်သတ်ထား မျိုးဝင်းဇော်/ ၃၁ မတ် ၂ဝ၁ဝ

ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီများအနေဖြင့် ပါတီမူဝါဒ သဘောထားနှင့် မဲဆွယ်စည်းရုံးရေးဆိုင်ရာ စာအုပ်နှင့် လက်ကမ်းစာစောင်များကို ပြည်တွင်း၌ ထုတ်ဝေနေသည့် အပတ်စဉ်ထုတ် ပုဂ္ဂလိက ဂျာနယ်များကဲ့သို့ သတ်မှတ်ထားသည့် စည်းကမ်းချက်များအတိုင်းသာ ထုတ်ဝေရမည်ဖြစ်ကြောင်း စာပေစိစစ် ကြီးကြပ်မှုဗဟိုအဖွဲ့မှ တာဝန်ရှိသူတဦးက ပြောသည်။

၎င်းက “နိုင်ငံရေးပါတီတွေဟာလည်း သူတို့ပါတီရဲ့ သဘောထားရပ်တည်ချက်၊ မဲဆွယ်စည်းရုံးရေးဆိုင်ရာ အကြောင်းအချက်အလက်တွေကို ရေးသားထုတ်ဝေရာမှာ လက်ရှိ ပြည်တွင်းက ပုဂ္ဂလိက ဂျာနယ်တွေ လိုက်နာတဲ့ စည်းကမ်းတွေအတိုင်း လိုက်နာရမှာပါ။ ထူးခြားတာတခုက ပုဂ္ဂလိက ဂျာနယ်တွေလို ထုတ်ဝေခြင်းမပြုခင် လာပြီး တင်ပြစရာ မလိုဘူး။ ကိုယ့်ဘာသာကိုယ် ထုတ်ဝေပြီးမှ မူချောကို လာတင်ပြရမှာ ဖြစ်ပါတယ်။ အသေးစိတ်ကို မတ်လ (၁၇) ရက်နေ့က ထုတ်ပြန်သည့် စာပေစိစစ်ဗဟိုအဖွဲ့၏ ညွှန်ကြားချက် အမှတ် (၄၂) မှာ လေ့လာနိုင်ပါတယ်” ဟု ရှင်းပြသည်။

အဆိုပါ ညွှန်ကြားချက်ထဲတွင် နိုင်ငံရေးပါတီများသည် ပါတီမူဝါဒ သဘောထားနှင့် မဲဆွယ်စည်းရုံးရေးဆိုင်ရာ စာအုပ်နှင့် လက်ကမ်းစာစောင်များကို စာပေစိစစ်အဖွဲ့ထံ တင်ပြစရာမလိုဘဲ ထုတ်ဝေနိုင်သော်လည်း စည်းကမ်းချက်ပေါင်းများစွာဖြင့် ထိန်းချုပ်ထားပြီး ပါတီ မူဝါဒနှင့် မဲဆွယ်စည်းရုံးရေးဆိုင်ရာ စာအုပ်စာစောင် ထုတ်ဝေမည့် နိုင်ငံရေးပါတီများ လိုက်နာရမည့် အချက် (၁၁) ချက်ကိုလည်း ပူးတွဲဖော်ပြထားသည်။

အဆိုပါ အချက်များထဲမှာ လက်ရှိ ပုဂ္ဂလိက ဂျာနယ်များ လိုက်နာနေရသည့် စာပေစိစစ်ဖြန့်ချိရေးလုပ်ငန်းများ ကြီးကြပ်မှုဗဟိုအဖွဲ့က ထုတ်ပြန်ထားသည့် အမိန့်ညွှန်ကြားချက်များနှင့် စည်းကမ်းချက်အားလုံးကို လိုက်နာရန်၊ စစ်အစိုးရ အာဏာပိုင်အဆင့်ဆင့်ကို လုံးဝ ဝေဖန်ခြင်းမပြုရန်၊ စစ်တပ်ကို ဝေဖန်ခြင်းမပြုရန်၊ လိုအပ်၍ ထုတ်ပြန်ထားသည့် အမိန့်မှန်သမျှကို ဝေဖန်ခြင်း အလျဉ်းမပြုလုပ်ရန် စသဖြင့် ရေးသားထားပြီး မလိုက်နာပါက ဥပဒေအရ အရေးယူခြင်း၊ အာမခံကြေးငွေ သိမ်းဆည်းခြင်းအပြင် ပါတီကိုလည်း အရေးယူမည်ဟု ပြင်းပြင်းထန်ထန် ပြဋ္ဌာန်းထားသည်။

အဆိုပါနိုင်ငံရေးပါတီများ ထုတ်ဝေခွင့်ကိစ္စနှင့်ပတ်သက်၍ ညွှန်ကြားချက်ကို ဖတ်ကြည့်ပါက ဂျာနယ်များကဲ့သို့ စိစစ်ရေး မတင်ရသည်မှလွဲ၍ လုံးဝ လွတ်လပ်ခွင့်မရှိကြောင်း နိုင်ငံရေးပါတီ ဖွဲ့စည်းမည့်သူတဦးက ပြောသည်။

၎င်းက “ကျနော်တို့က အစိုးရရဲ့ မှားယွင်းတဲ့ ပေါ်လစီတွေ လုပ်ရပ်တွေကို ဝေဖန်နိုင်ဖို့ ဝေးလို့ ရပ်ကွက်အဆင့်တွေကိုတောင် ဝေဖန်လို့ မရဘူးဆိုတာ ပူးတွဲဖော်ပြချက် စည်းကမ်းချက် အမှတ် (၂) မှာ အတိအလင်း ဖော်ပြထားတယ်။ စည်းကမ်းချက် အမှတ် (၁) မှာဆိုရင်လည်း လိုက်နာဖို့ စာပေစိစစ်က ချမှတ်ထားတဲ့ စည်းကမ်းချက်ပေါင်း (၁ဝဝ) ကျော်နဲ့ အခါအားလျော်စွာ ထုတ်ပြန်ထားတဲ့ စည်းကမ်းချက်တွေ အများကြီး ရှိနေတယ်။ အမှတ် (၅) အချက်ဖြစ်တဲ့ လိုအပ်ချက်အရ ထုတ်ပြန်ထားသည့် အမိန့်များအား ဆန့်ကျင်ခြင်း မပြုရ ဆိုတာဟာလည်း အများကြီးကျယ်ပြန့်တယ်” ဟု ပြောသည်။

ပြည်တွင်း အပတ်စဉ်ထုတ် သတင်းဂျာနယ် အယ်ဒီတာတဦးက ၎င်းတို့အနေဖြင့် ယခု ညွှန်ကြားချက်များအရ မည်သို့မှ လွတ်လပ်စွာ ထုတ်ဝေခွင့် ရှိလာမည်မဟုတ်ကြောင်း ပြောဆိုသည်။

၎င်းက “တနိုင်ငံလုံးအတိုင်းအတာနဲ့ ရှိလာမယ့် ပါတီတွေ အများကြီး၊ ပါတီကိုယ်စားလှယ်လောင်းတွေ အများကြီး၊ ရွေးကောက်ပွဲမတိုင်မီ ကာလက တိုတိုလေး။ ကျနော်တို့က တပတ်မှတကြိမ် ထုတ်ဝေခွင့်ရပြီး စာမျက်နှာ အကန့်အသတ်ကလည်း ရှိနေသေးတော့ ပြည်သူတွေကို ဘယ်လိုမှ မှန်ကန်တဲ့ သတင်းအချက်အလက်တွေကို အချိန်မီ ပို့နိုင်မှာ မဟုတ်ဘူး။ ဒီကြားထဲ ခုချိန်ထိ စာပေစိစစ်ရေးက ခပ်ကြမ်းကြမ်း စိစစ်ဖြတ်တောက်နေဆဲပဲ” ဟု ပြောသည်။

စာပေစိစစ်၏ အဆိုပါညွှန်ကြားချက် ထုတ်ပြန်ပြီးနောက် စစ်အစိုးအနေဖြင့် ရွေးကောက်ပွဲမတိုင်မီ လွတ်လပ်စွာထုတ်ဝေခွင့် ပေးမည်ဆိုသည်ကို ပြည်တွင်းသတင်းအယ်ဒီတာ၊ သတင်းထောက်များအကြား ယုံကြည်သူ မရှိသလောက် နည်းပါးသွားပြီ ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် စစ်အစိုးရက ထုတ်သည့် သတင်းစာ (၃) စောင်သာ ရှိပြီး ပုဂ္ဂလိကပိုင် သတင်းစာ လုံးဝထုတ်ဝေခွင့် ပြုမထားကြောင်း သိရသည်။

အန်အယ်လ်ဒီ၏ မူလနိုင်ငံရေးမပျက် ဆက်လက်လုပ်ဆောင်မည်ဟု ဦးဝင်းတင် ပြောကြား NEJ/ ၃၁ မတ် ၂ဝ၁ဝ

အဖွဲ့ချုပ် ဖျက်သိမ်းခံရလျှင် အဖွဲ့ချုပ်ပျက်စီးသည်ဟု မယူဆ၊ ပျက်စီးခြင်းမဟုတ်ဟု ဒေါ်အောင်ဆန်းစုကြည်၏ မှာကြားချက် အတိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) က ချမှတ်ထားသည့် နိုင်ငံရေးဦးတည်ချက်များအရ နိုင်ငံရေး ဆက်လက်လုပ်ဆောင်သွားမည်ဟု ဦးဝင်းတင်က ပြောကြားသည်။

၂၀၁၀ ခုနှစ် နအဖကောင်စီက ထုတ်ပြန်ထားသည့် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများသည် တရားမျှတမှု လုံးဝမရှိသဖြင့် အန်အယ်လ်ဒီသည် ပါတီအဖြစ် ထပ်မံမှတ်ပုံတင်တော့မည်မဟုတ်ဟု မတ် (၂၉) ရက်တွင် ပြုလုပ်သည့် ဗဟိုဦးစီးအဖွဲ့ အစည်းအဝေး ဆုံးဖြတ်ချက် ထွက်ပေါ်ခဲ့ပြီးနောက် အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်တဦးဖြစ်သူ ဦးဝင်းတင်က ခေတ်ပြိုင်သို့ ပြောကြားခြင်းဖြစ်သည်။

၎င်းက “ဒေါ်အောင်ဆန်းစုကြည် ညွှန်းတဲ့အတိုင်းပဲ။ ကျနော်တို့ခေါင်းထဲမှာ၊ ကျနော်တို့အသည်းနှလုံးထဲမှာ နိုင်ငံရေးတွေရှိနေရင် အဲဒီနိုင်ငံရေးတွေကို ကျနော်တို့ ဒီမိုကရေစီအဖွဲ့အစည်းတခုအနေနဲ့ ရပ်တည်တဲ့အချိန်တုန်းက ရှိခဲ့တဲ့အတိုင်းပဲ ဆက်ပြီးတော့ ဒါတွေကို ထိန်းသိမ်းသွားရမယ်လို့ မြင်ပါတယ်” ဟု ပြောသည်။

မြန်မာနိုင်ငံတွင် စစ်မှန်သည့် ဒီမိုကရေစီတည်ထောင်ရန်၊ လူ့အခွင့်အရေးများ အပြည့်အ၀ရရှိရန်၊ စစ်မှန်သည့် ပြည်ထောင်စုစနစ် ထွန်းကားရန်နှင့် အာဏာရှင်စနစ်မှန်သမျှ ဖယ်ရှားရန် ဆိုသည့်အချက်များသည် အန်အယ်လ်ဒီက ချမှတ်ထားသည့် နိုင်ငံရေးဦးတည်ချက်များဖြစ်ကြောင်း ဦးဝင်းတင်က ပြောကြားသည်။

သာမန်အားဖြင့် နဂိုရှိပြီးသား နိုင်ငံရေးရပ်တည်ချက်များကို ထိန်းသည့်သဘောဖြင့် ဆက်လက်လုပ်ဆောင်သွားရန် လိုအပ်ကြောင်း၊ တနိုင်ငံလုံးရှိ အန်အယ်လ်ဒီပါတီဝင်များနှင့် နဂိုရှိပြီးသား စည်းရုံးမှုကို ဆက်လက်တည်ဆောက်ပြီး တိုင်းရင်းသားအဖွဲ့အစည်းများ အပါအ၀င် ကျောင်းသားအဖွဲ့အစည်းများ စသည်တို့ဖြင့် ဆက်သွယ်လုပ်ဆောင်မှုများကို လုပ်ဆောင်သွားရန် လိုအပ်ကြောင်း ၎င်းက ပြောသည်။

“တိုင်းရင်းသားတွေ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့တဲ့ အစဉ်အလာကို မြင့်မားစွာဆက်လက်ပြီး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ကျနော်တို့ဟာ တတ်နိုင်သမျှ ကျနော်တို့ရဲ့ နဂိုရှိနေတဲ့ ညီညွတ်ရေး လူထုထောက်ခံမှုတွေကို ကိုင်စွဲပြီး ရှေ့ဆက်သွားရမှာ ဖြစ်ပါတယ်။ ပြည်သူလူထုရဲ့ ထောက်ခံမှုဟာ ကျနော်တို့ အန်အယ်လ်ဒီပေါ် ကြီးမားစွာပဲရှိတယ်လို့ ယုံတယ်။ ကျနော်တို့ဟာ ပြည်သူတွေရဲ့အရေးတွေကို စောင့်ရှောက်ရမယ်၊ ကြည့်ရမယ်၊ ကြားနာရမယ်၊ ပြည်သူတွေရဲ့ ထင်မြင်ယူဆချက်တွေကို တုံ့ပြန်ရမယ်ဆိုတဲ့ဟာ ရှိတဲ့အခါကျတော့ ပြည်သူလူထုရဲ့ခွင်ထဲမှာလည်း လှုပ်ရှားသွားမှာပဲ ဖြစ်ပါတယ်။ လူထုကို မျက်နှာမူတဲ့ နိုင်ငံရေး လုပ်ကြရမယ်” ဟု ဦးဝင်းတင်က ပြောကြားသည်။

အန်အယ်လ်ဒီအနေဖြင့် မှတ်ပုံတင်ခြင်း မတင်ခြင်းသည် အဓိကမဟုတ်ဘဲ နိုင်ငံရေးဦးတည်ချက်၊ နိုင်ငံရေးရည်မှန်းချက်များ၊ နိုင်ငံရေးပန်းတိုင်များက အဓိကဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“တွေ့ဆုံဆွေးနွေးပွဲဆိုတာ ကျနော်တို့ရဲ့ နိုင်ငံရေးပစ်မှတ်တခု ဖြစ်ပါတယ်။ ဒီဟာကို ကျနော်တို့ အစဉ်တစိုက်တောင်းဆိုနေတာ အန်အယ်လ်ဒီ စဖွဲ့တဲ့ ၁၉၈၈ ခုနှစ် အောက်တိုဘာလလောက်ကတည်းက ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် စာရေးပြီးတော့ န၀တထံ ပို့ထားတဲ့ စာကစခဲ့တာ။ နောက်ဆုံး ဗိုလ်ချုပ်မှူးကြီး သန်းရွှေဆီ စာရေးတဲ့အထိလည်း ဒေါ်အောင်ဆန်းစုကြည်က တွေ့ဆုံဆွေးနွေးဖို့ကိစ္စကို ပြောနေတာပဲ” ဟု ဦးဝင်းတင်က ပြောသည်။

“ဒီနေ့ပါတီ မရှိပေမယ့်လို့ ဒေါ်အောင်ဆန်းစုကြည်ရှိတယ်၊ ပါတီမှတ်ပုံမတင်လို့ ပါတီအနေနဲ့ မရပ်တည်နိုင်ဘူး။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်က မှတ်ပုံတင်မှ ဒေါ်အောင်ဆန်းစုကြည်ဖြစ်တာ မဟုတ်ဘူး။ ဒေါ်အောင်ဆန်းစုကြည်က မှတ်ပုံမတင်လည်း လူထုခေါင်းဆောင်၊ အမျိုးသားခေါင်းဆောင်၊ ကမ္ဘာ့ခေါင်းဆောင်ဖြစ်နေတာ။ ဒီနေ့တိုင်းပြည်ရဲ့ နိုင်ငံရေးပြဿနာတွေကို ဖြေရှင်းမယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်ကို သူတို့ ဘယ်လိုမှ ဖယ်ရှားလို့မရဘူး။ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်သူက အသိအမှတ်ပြုထားတဲ့ ပြည်သူကနေ ယုံကြည်ကိုးစားနေတဲ့ နိုင်ငံရေး မိခင်ကြီးတယောက်လို ဖြစ်နေတယ်။ ရှေ့ဆက်ပြီး တွေ့ဆုံဆွေးနွေးပွဲကို တောင်းဆိုနေရမှာပဲ” ဟုလည်း ၎င်းက ပြောကြားသည်။

Friday, March 12, 2010

သစ္စာစားသူ

နင်းမိုင်းထောင်တဲ့ရဲဘော် ဂေါက်သွားပြီဟေ့
ဒီစစ်မြေပြင်ကို မီးရှို့ ပစ်လိုက်ရတော့မလား
ဒီဗျူဟာမှားတယ်ဆိုရင် ဘယ်ဗျူဟာကမှန်လဲ
ဝေဟင်ထောက်လှန်းရေးက ကြားဖြတ်စက် ရပ်သွားပြီ
မြေပြင်ထောက်လှန်းရေးက ခါးက အဆက်ပြတ်သွားပြီ
စစ်ကြောင်းဟာရေနဲ့ ဝေးနေတယ်
ကင်းရှည်ထုတ်ထားတဲ့ တပ်စိတ် စက်မပေါ်တော့ဘူး
ကင်းချထားတဲ့ ရဲဘော်တွေအိပ်ပျော်နေတယ်
စစ်ကြောင်းဟာ ရန်သူ့ နယ်မြေထဲမှာ မီးမသုံးရတဲ့ညနက်နက်ထဲ
မင်းမှာ ကျည်ဘယ်လောက်ကျန်သေးလဲ ဟေ့ကောင်
ငါ့ခြေထောက်တွေ သဲဝဲစားနေပြီကွာ

လမ်းခွမှာ လမ်းမှားမပြဖို့ ဆိုတာ စစ်ကြောင်းရဲ့ ရဲဘော်တိုင်းရဲ့ သစ္စာ
လမ်းခွမှာ လမ်းမှားပြဖို့ ဆိုတာ စစ်ကြောင်းရဲ့ နောက်ဆုံးရဲဘော်ရဲ့ သစ္စာ
သစ္စာဆိုတာ
သေရင်တောင် မရရအောင် ထမ်းထုတ်ခဲ့ရမဲ့ အလောင်း
စုတ်ပြတ်သတ်နေရင်တောင် လွှင့်ထူတားရမဲ့ အလံတော်
တော်လှန်ရေးကွာ
သမိုင်းတွေ တ၀ုန်းဝုန်းတွန်းတိုက်ပြိုဆင်းဖြစ်တည်သလို ယုံကြည်ထားလိုက်
ယုံ-ကြည်-ထား-လိုက်

နေသစ်

ပြက္ခဒိန်တွေကိုပဲ ငေးငေးနေတတ်တာ
ပြစ်တင်မစောလိုက်ပါနဲ့ ညီမလေးရေ…။

အမှောင်ထုကို ဖြတ်သန်းဘူးမှ
အလင်းရဲ့တန်ဘိုးကိုသိရမယ်။
ပဋိပက္ခတွေကို ရင်ဆိုင်ဘူးမှ
ငြိမ်းချမ်းခြင်းကို ခံစားနိုင်မယ်။
အနှောင်အဖွဲ့ကြားမှာ ရှင်သန်ဘူးမှ
လွတ်လပ်ခြင်းကို နားလည်နိုင်လိမ့်မယ် မဟုတ်လား။

အခုတော့…
သံတိုင်တွေကြားကပဲ
ပြက္ခဒိန်တွေကိုငေးမော
အနာဂတ်အတွက်တွေးတောလို့
ရင်မောစွာငံ့လင့်နေတတ်ပြီလေ။

အပျော်

ချစ်ပါတယ် စကားလုံးကြောင့်
ရင်ခွင်တစ်ခုလုံး
ဗြောင်းဆန်ရပြီ။

မထင်မှတ်ပဲ ပျော်ရွှင်ရလို့
မျက်ရည်ပင် မဆည်နိုင်
ငိုမိပါသည်။

ပြောလာတာ ဟုတ်လေလားဟု
နားကိုပင် မယုံနိုင်လို့
တွေးမိပါသည်။

အတိုင်းမသိ ၀မ်းသာမိ၍
ထိုစကားကို အကြိမ်ကြိမ်ကြားဖို့
ဒီတစ်ညဖြင့်
မအိပ်တော့ပြီ။

အန်အယ်လ်ဒီ ပါတီရုံးခွဲများ ပြန်ဖွင့်ခွင့်ရ NEJ/ ၁၂ မတ် ၂ဝ၁ဝ

မန်မာနိုင်ငံတ၀န်းရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီရုံးခွဲများကို ယမန်နေ့ မတ် (၁၀) ရက်နေ့မှစတင်၍ စစ်အစိုးရက ပြန်လည်ဖွင့်လှစ်ခွင့်ပြုလိုက်ကြောင်း အန်အယ်လ်ဒီပါတီ ပြောခွင့်ရသူ ဦးဉာဏ်ဝင်းက ပြောကြားသည်။

“ကျနော်ဆီကို ရောက်နေတဲ့သတင်းအရတော့ မြစ်ကြီးနား၊ မိုးညှင်း၊ အင်းတော်၊ ရှမ်းမြောက်ပိုင်း (၁၁) မြို့နယ်၊ မုံရွာ၊ ရွှေဘို၊ ရေဦး၊ မန္တလေး၊ ပဲခူး၊ ပြည်၊ ပေါင်းတည်၊ နောက် တနင်္သာရီက ကော့သောင်း၊ မွန်ပြည်နယ် မော်လမြိုင် အဲဒါတွေတော့ ပြန်ဖွင့်နေပြီ သတင်းရနေပါတယ်။ ကျန်တဲ့ အန်အယ်လ်ဒီ ရုံးတွေလည်း ဆက်ဖွင့်နေတယ်လို့ ကြားပါတယ်” ဟု ၎င်းက ပြောသည်။

၂၀၀၃ ခုနှစ် မေလတွင် အထက်မြန်မာပြည်သို့ စည်းရုံးရေး ခရီးထွက်နေသည့် ဒေါ်အောင်ဆန်းစုကြည်နှင့်ပါတီဝင်များ၏ ယာဉ်တန်းကို တိုက်ခိုက်ခံခဲ့ရပြီးသည့်နောက် တိုင်းနှင့်ပြည်နယ်အသီးသီးရှိ အန်အယ်လ်ဒီပါတီရုံးများကို ပိတ်ပင်ခြင်းခံခဲ့ရပြီး ယခု ပြန်လည်ဖွင့်လှစ်ခွင့်ရခြင်းဖြစ်သည်။

“ကျနော်မြင်တာကတော့ အဲဒီရုံးတွေက စကတည်းက ပိတ်ဖို့အကြောင်း ဘာမှမရှိဘူးလေ။ ဆီလျော်တဲ့အကြောင်းလည်း မရှိဘူး၊ ဥပဒေလည်း မရှိဘူး။ မတရား အပိတ်ခံထားရတာ။ အခု မတရားအပိတ်ခံရာကနေ လွှတ်လိုက်တယ်” ဟု ဦးဉာဏ်ဝင်းက ပြောသည်။

ယခုကဲ့သို့ အန်အယ်လ်ဒီပါတီရုံးများကို ပြန်လည်ဖွင့်လှစ်ခွင့်ပေးလိုက်ချိန်သည် နအဖစစ်အစိုးရက ယခုနှစ်အတွင်း ပြုလုပ်မည့် ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို နိုင်ငံပိုင်သတင်းစာတို့မှ ဖော်ပြကြေညာနေချိန်နှင့်လည်း တိုက်ဆိုင်ချိန်ဖြစ်သည်။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေတွင် အန်အယ်လ်ဒီ ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အကျဉ်းကျနေသည့် ပါတီခေါင်းဆောင်များကို ရွေးကောက်ပွဲတွင် ပါဝင်ပတ်သက်နိုင်ခြင်း မရှိစေရန် ဥပဒေထုတ်ပြန် ပိတ်ပင်ထားပြီး ထောင်ဒဏ်ကျခံနေရသူများကို ပါတီမှ ထုတ်ပယ်ခြင်းမရှိသည့် နိုင်ငံရေးပါတီသည် ဆက်လက်ရပ်တည်ပိုင်ခွင့်မရှိဘဲ ဖျက်သိမ်းရမည်ဟုလည်း ဖော်ပြထားသည်။

အန်အယ်လ်ဒီ အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်သည် နေအိမ်အကျယ်ချုပ်ကျခံနေပြီး ၎င်း၏နေအိမ်သို့ တိတ်တဆိတ်ဝင်ရောက်ခဲ့သော အမေရိကန်နိုင်ငံသားတဦးကြောင့် တရားစွဲဆိုခံနေရပြီး အမှုရင်ဆိုင်နေရကာ အထူးအယူခံတင်ရန် ၎င်း၏ရှေ့နေများက ဆောင်ရွက်လျက်ရှိသည်။

ယခုကဲ့သို့ နအဖ၏ ဥပဒေထုတ်ပြန်ချက်နှင့်ပတ်သက်၍ ဦးဉာဏ်ဝင်းက“ဒီလိုခွဲခြားပြီး လုပ်နေတာဟာ အခုမှမဟုတ်ဘူး၊ အနှစ် (၂၀) ရှိသွားပြီ၊ တောက်လျှောက်လုပ်လာတယ်။ ဒါပေမယ့် အန်အယ်လ်ဒီနဲ့ ဒေါ်စုက မကွဲဘူး။ အခုလည်း အန်အယ်လ်ဒီနဲ့ ဒေါ်စု မကွဲတဲ့နည်းလမ်းပဲ စဉ်းစားကြမှာလေ” ဟု ပြောကြားသည်။

နအဖထုတ်ပြန်သည့်ဥပဒေကို ဒေါ်အောင်ဆန်းစုကြည် ဝေဖန် NEJ/၁၁ မတ် ၂ဝ၁ဝ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီအထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်နှင့် ယနေ့ တွေ့ဆုံခွင့်ရရှိကြောင်း ပါတီပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ပြောကြားသည်။

ထိုသို့တွေ့ဆုံရာတွင် ယခုလက်ရှိပေါ်ပေါက်နေသည့် ရွေးကောက်ပွဲကိစ္စနှင့် ရွေးကောက်ပွဲဥပဒေကိစ္စတို့ကို ဒေါ်အောင်ဆန်းစုကြည်နှင့် ဆွေးနွေးခဲ့ကြောင်း ဦးဉာဏ်ဝင်းက ပြောသည်။

၎င်းက “ဒေါ်အောင်ဆန်းစုကြည် ပြောတာက နိုင်ငံရေးပါတီမှတ်ပုံတင်ခြင်းဥပဒေမှာ ဖော်ပြတဲ့အချက်တွေက ဖတ်လိုက်တာနဲ့ ပုဂ္ဂိုလ်တဦးတယောက်အတွက်၊ ပုဂ္ဂိုလ်တဦးတယောက်အပေါ်မှာ ရေးဆွဲထားတဲ့ဥပဒေလို့ လူတွေ ဒီလိုပဲ နားလည်မယ်တဲ့။ ဒါတော်တော်မကောင်းတဲ့ အချက်ပဲတဲ့။ ဥပဒေဆိုတာ လူတိုင်းအတွက် ရေးဆွဲရမှာတဲ့။ ပုဂ္ဂိုလ်တဦးတယောက်ကို ရည်ညွှန်းရေးဆွဲတယ်ဆိုတာ အင်မတန်ရှက်စရာကောင်းတဲ့ လုပ်ရပ်ပဲတဲ့။ အဲဒီလိုပြောပါတယ်” ဟု ပြောသည်။

ရှေ့ပါတီရပ်တည်ရေးနှင့်ပတ်သက်၍ နိုင်ငံရေးအရ လုပ်ဆောင်ရမည့် လုပ်ငန်းများကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ကြောင်း၊ စီအီးစီအဖွဲ့ဝင်များနှင့် တွေ့ဆုံဆွေးနွေးပြီး ထုတ်ပြန်သွားမည်ဖြစ်ကြောင်း ဦးဉာဏ်ဝင်းက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ပြစ်မှုဆိုင်ရာပြင်ဆင်ချက် အထူးအယူခံကိစ္စကိုလည်း ယမန်နေ့ကမှ စီရင်ချက်ရရှိသဖြင့် မနက်ဖြန်မှ စ၍ အယူခံတင်သွင်းရေးကိစ္စကို အမြန်ဆုံးဆက်လက်လုပ်ဆောင်သွားမည်ဟု သိရသည်။

နအဖစစ်အစိုးရက မတ်လ (၈) ရက်နေ့စွဲဖြင့် ထုတ်ပြန်လိုက်သည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအမှတ် ၂/၂၀၁၀ ပါ အခန်း (၂)၊ နိုင်ငံရေးပါတီ တည်ထောင်ခြင်းနှင့် မှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ (၄)၊ ပုဒ်မခွဲ (င) အရ ပါတီထောင်လိုသူများသည် ထောင်ဒဏ်ကျခံနေရသူ မဖြစ်စေရဟု အတိအလင်းဖော်ပြထားပြီး အခန်း (၁) ဥပဒေ ပုဒ်မ (၂)၊ ပုဒ်မခွဲ (ဌ) တွင် ထောင်ကျခံနေရသူဆိုသည်မှာ တရားရုံးတခုခု၏ စီရင်ချက်အရ ထောင်ဒဏ်ကျခံနေရသူကို ဆိုကြောင်း၊ သက်ဆိုင်ရာ တရားရုံး၏ ထောင်ဒဏ်စီရင်ချက်ကို မကျေနပ်၍ အယူခံမှု သို့မဟုတ် ပြင်ဆင်မှုလျှောက်ထားသော ထောင်ဒဏ်ကျခံနေရဆဲသူလည်း ပါဝင်ကြောင်း ဖော်ပြပါရှိသည်

ထို့အပြင် ဥပဒေပါ ပုဒ်မ (၁၀)၊ ပုဒ်မခွဲ (င) အရလည်း ထောင်ဒဏ်ကျခံနေရသူများသည် ပါတီဝင်ဖြစ်ခွင့် မရှိဟု
ဖော်ပြထားသည်။

ပါတီ ဆက်လက်ရပ်တည်ခွင့် မရှိခြင်းနှင့်ပတ်သက်၍မူ ပုဒ်မ (၁၀) ပါ အချက်တရပ်ရပ်နှင့် ကိုက်ညီခြင်း မရှိသောသူများကို ပါတီဝင်အဖြစ်မှ ထုတ်ပယ်ခြင်းမပြုဘဲ တမင်ထိမ်ချန်ထားပါက ယင်းအချက်တရပ်ရပ်နှင့် ငြိစွန်းသောပါတီအား နိုင်ငံရေးပါတီ အဖြစ် မှတ်ပုံတင်ထားခြင်းကို ပယ်ဖျက်၍ ပါတီကို ဖျက်သိမ်းရမည်ဟု ဖော်ပြထားသည်။
AAA logo ဆိုတာက လိုဂိုပုံတွေကို မိမိစိတ်တိုင်းကျ ပြုပြင်ဖန်းတီး ချင်တဲ့သူတွေအတွက် အသင့်တော် ဆုံး Software တစ်ခုဖြစ်ပါတယ်။လိုဂိုဆိုတာမျိုးက ယခုခေတ် ခုအခါမှာ ကုမ္ပဏီထောင်မှ လိုဂိုပုံတွေသုံးရမှာမ ဟုတ်ပါဘူး။ကိုယ်ပိုင် ဘလော့ ၊ကိုယ်ပိုင် ဝက်ဆိုဒ် တစ်ခုရှိရင်လည်း အဲဒီ ဟာတွေအတွက် လိုဂိုပုံတွေသုံးကို
သုံးသင့်ပါတယ်။ဘာပဲဖြစ်ဖြစ်ပေါ့လေ....လက်တည့်စမ်းချင်တာပဲဖြစ်ဖြစ် AAA Logo ဟာတကယ့်ကို Professional ဖြစ်လို့ပဲ ကျတော့်ဘလော့မှာပြန်လည်တင်ဆက်လိုက်ပါတယ်။ကျတော်က ဒါတွေကိုသိပ်မကျွမ်း တော့ လှတပတလေးတွေကိုရေးဆွဲချင်ပေမယ့် ခြောက်ကပ်ကပ်ပုံတွေပဲထွက်လာတယ်။

AAA logo




နောက်ထပ် ချွတ်ယွင်းချက်တစ်ခုကိုပြောပါမယ်။မပြောလို့မရလို့ပါ။ဘာလဲဆိုတော့ AAA Logo ကို
Installလုပ်တဲ့စက်က Online Pc ဖြစ်မှပါ။တကယ်လို့သင်က အင်တာနက်ကဖေးဆိုင်ကနေ
Download လုပ်ပြီးအိမ်မှာရှိတဲ့ Offline Pc မှာ Install လုပ်လို့မရပါဘူး။ရတော့ရပါတယ်။
Register Key ထည့်တဲ့အခါသင့်ရဲ့ကွန်ပျူတာကအင်တာနက်နဲ့ချိတ်ဆက်ထားမှ ဖြစ်ပါမယ်။အင်တာနက်နဲ့ချိတ်မှုမရှိတဲ့ ကွန်ပျူတာတွေမှာ Key ကိုထည့်လိုက်တိုင်း Your Key is Invail လို့ပြောပြီးပြန်ပိတ်သွားတာပဲ။နောက်တစ်ခုပိုဆိုးတာက တခြားဆောဖ်ဝဲတွေလို Key မသိရင်
Trail Preiod မရှိတာပဲ။အများအားဖြင့် ရက် ၃၀ စမ်းသပ် အသုံးပြုခွင့်ပေးထားတတ်ပါတယ်။
ဒါပေမယ့် ဒီ AAA Logo ကတော့ Key မသိရင် လုံးဝအသုံးမပြုနိုင်ပါဘူး။