Saturday, January 29, 2011

ပြည်ထောင်စုနေ့ အကြိုဟောပြောပွဲ NLD အောင်မြင်စွာကျင်းပ





(၆၄)နှစ်မြောက် ပြည်ထောင်စုနေ့ အကြိုဟောပြောပွဲကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှာ ယနေ့ မွန်းလွဲ(၁)နာရီက ကျင်းပခဲ့ပါတယ်။ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များ နဲ့ အခြားလူငယ်များ တစ်ရာခန့် တက်ရောက်ခဲ့ကြပါတယ်။

သဘာတိအဖြစ် အဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဦးတင်ဦး ကဆောင်ရွက်ပြီး CRPP အဖွဲ့ဝင် ၊ ဇိုမီအမျိုးသားကွန်ဂရက် ဥက္ကဋ္ဌ ဦးပုကျင်ရှင်းထန်က ပင်လုံစာချုပ်အကြောင်း ၊ CRPP အဖွဲ့ဝင် ၊ ရှမ်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ အတွင်းရေးမှုး အဖွဲ့ဝင် ဦးစိုင်းစောအောင်က ပင်လုံညီလာခံအကြောင်း ဟောပြောပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်တဲ့ ဖဆပလ ညီလာခံမှသည် ၊ အောင်ဆန်းအက်တလီ စာချုပ်အပါအ၀င် ၊ ပင်လုံညီလာခံ ဖြစ်ပေါ်လာပုံ ၊ ပင်လုံစိတ်ဓာတ်အကြောင်း ၊ ခွဲထွက်ရေးမဟုတ်တဲ့ ပြည်ထောင်စုစိတ်ဓာတ်နဲ့ စစ်မှန်တဲ့ ပြည်ထောင်စု နိုင်ငံ ပေါ်ပေါက်ရေး ရည်မှန်းချက်များ ၊ ယနေ့ကာလ နဲ့ လျော်ညီတဲ့ ဒုတိယ ပင်လုံညီလာခံ သို့မဟုတ် (၂၁)ရာစု ပင်လုံညီလာခံပေါ်ပေါက်ရေးအတွက် လိုအပ်ချက်များ ၊ အမျိုးသားပြန်လည်ရင်ကြားစေ့ရေး နဲ့ ပင်လုံစိတ်ဓာတ် ဆက်နွယ်နေပုံ ၊ လွတ်လပ်ရေးနဲ့ တန်းတူညီမျှရေး ၊ အမျိုးသား ညီညွတ်ရေး ၊ ငြိမ်းချမ်းရေး ၊ ဒီမိုကရေစီရေး ကိစ္စများကို တက်ရောက်လာကြတဲ့ တိုင်း နဲ့ ပြည်နယ် အသီးသီးမှ ပုဂ္ဂိုလ်များ ၊ လူငယ်များက စိတ်ဝင်စားစွာမေးမြန်းကြတာကို ၊ သဘာပတိ ဦးတင်ဦး ၊ ဟောပြောသူ ဦးပုကျင်ရှင်းထန် နဲ့ ဦးစိုင်းစောအောင် တို့က အကျေအလည် ရှင်းလင်း ၊ ဆွေးနွေး ပြကြပါတယ်။ မွန်ပြည်နယ် ၊ဧရာဝတီတိုင်း ၊ ရခိုင်ပြည်နယ် အပါအ၀င် ရန်ကုန်တိုင်းမှ မြောက်ဥက္ကလာပမြို့နယ် ၊ သင်္ကန်းကျွန်းမြို့နယ် ၊ ခရမ်းမြို့နယ် ၊ သုံးခွမြို့နယ် ၊ ဗဟန်း ၊လှိုင် ၊ မင်္ဂလာတောင်ညွန့်မြို့နယ်များမှ တက်ရောက် ဆွေးနွေးသွားကြပါတယ်။

ဟောပြောပွဲဟာ မွန်းလွဲ(၂)နာရီမှာ အောင်မြင်စွာပြီးဆုံးခဲ့ပါတယ်

ယနေ့သတင်း (၂၉ ရက် ဇန်န၀ါရီလ ၂၀၁၁)




သတင်း
နံနက် (၁၁ နာရီ ၃၅ မိနစ်) ယမန်နေ့က ဒီကေဘီအေ တပ်တွေရှိတဲ့ အူးကရိထနေရာကို နအဖ စစ်တပ် ခမရ (၄၀၁)၊ ခမရ (၄၀၃)၊ ခမရ (၅၈၆)နဲ့ ခမရ (၂၉၉) တို့ ထိုးစစ်ဆင်တိုက်ခိုက်လာပါတယ်။

နံနက် (၁၁ နာရီ ၃၀ မိနစ်) ဒီကေဘီအေ ဗိုလ်မှူးချုပ်စောလားပွယ်ဟာ တိုက်ပွဲကာလအတွင်းမှာ ဒီကေဘီအေဘက်ကတော့ ဖမ်းဆီးထားတဲ့ စစ်သုံ့ပန်းတွေကို နိုင်ငံတကာစစ်သုံ့ပန်းဥပဒေနှင့်အညီ အကောင်းဆုံးကိုင်တွယ်သွားတာကို တွေ့နေရပါတယ်။ ထိုကဲ့သို့ အစီအစဉ်တကျ ကိုင်တွယ်နိုင်ခဲ့တဲ့အတွက် နအဖ ကလေးစစ်သားများ၊ အကျဉ်းသားပေါ်တာများ နေ့စဉ်ရက်ဆက် ဒီကေဘီအေဆီကို ထွက်ပြေးလာကြတာကိုလည်း တွေ့ရပါတယ်။ ဒါဟာ နအဖတွေရဲ့ လှည့်ကွက်တခု ဖြစ်ကောင်းဖြစ်နိုင်ပြီး ဒီကေဘီအေအနေနဲ့ သတိထားစရာတွေ ဖြစ်လာနိုင်တယ်လို့လည်း ထောက်ပြလာကြပါတယ်။

နအဖဘက်ကတော့ ထုံးစံအတိုင်း ကိုယ့်အမှတ်တံဆိပ်ကို ပုံဖော်ပြသပြီး တိုက်ပွဲကာလအတွင်း အကျဉ်းသားပေါ်တာတွေကို ညှင်းပမ်းနှိပ်စက်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးထားတဲ့ စစ်သုံ့ပန်း (ကရင်ငြိမ်းချမ်းရေးကောင်စီ)တွေကို အကြောင်းမဲ့သတ်ဖြတ်ခြင်း၊ ဝေါ်လေက အမျိုးသမီးနှစ်ဦးကို မုဒိမ်းကျင့်ရုံသာမက ရက်ရက်စက်စက်သတ်ဖြတ်ခြင်း၊ ရွာသူ/သားတွေကို အကြောင်းမဲ့ သတ်ဖြတ်ခြင်း စတဲ့ လူမဆန်တဲ့လုပ်ရပ်မျိုးကို လုပ်နေကြပါတယ်။

နံနက် (၁၁ နာရီ ၂၀ မိနစ်) ပြီးခဲ့တဲ့ရက်ပိုင်းက ဗိုလ်မှူးကြီး ယွက်စစ်ဦးဆောင်တဲ့ သျှမ်းပြည်တပ်မတော်(တောင်ပိုင်း)နဲ့ ဒီကေဘီအေတို့ နှစ်ဖက်ခေါင်းဆောင်တွေ့ဆုံပြီး ဒီကေဘီအေကို သျှမ်းပြည်တပ်မတော်က လိုအပ်တဲ့အကူအညီ ပေးသွားမယ်လို့ သဘောတူညီချက် ရရှိခဲ့ကြောင်း သိရပါတယ်။ နှစ်ဖက်ခေါင်းဆောင်တွေ့ဆုံဆွေးနွေးတဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ မပြောပဲ ထိန်ချန်ထားခဲ့ကြပါတယ်

Friday, January 28, 2011

သတင်း

ရွေးကောက်ပွဲနေ့ကစပြီး ဆန့်ကျင်ပုန်ကန်နေတဲ့ ဒီမိုကရက်တစ်ကရင်ဗုဒ္ဓဘာသာတပ်မေ
တာ် DKBA အား အပြီးသတ်နှိမ်နင်းရန် နအဖ စစ်အစိုးရအနေနှင့် စစ်ကူတပ်အင်အားများစွာကို ပို့ပေးခဲ့သော်လည်း ဒေသတွင်းရှိ ကရင်အမျိုးသားအစည်းအရုံး KNU နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး ABSDF တို့၏ ထိရောက်သည့် ပူးပေါင်းစစ်ဆင်မှုကြောင့် အကျအဆုံးအထိအခိုက်များကာ မျှော်လင့်ထားသည့်အချိန် အတွင်း အောင်မြင်မှုမရရှိသဖြင့် ယခုအခါ ထိုဒေသများအတွင်းသို့ အောက်လမ်းနည်းများဖြင့် တိုက်ခိုက်ရန် စီစဉ် ဆွေးနွေးလျှက်ရှိကြောင်းသိရှိရသည်။ နအဖတွင်ရှိသည့် ယာဉ်တင်လက်နက်ကြီးများမှာလည်း သွားလာမှုအခက် အခဲကြောင့် ဆုံးရှုံးမှုဖြစ်နှိုင်သဖြင့် ကရင်ပြည်နယ်ရှိ ပူးပေါင်းခံစစ်ဆင်နွှဲနေသည့် တော်လှန်ရေးဒေသအတွင်း နေရာချထားရန်အခက်အခဲဖြစ်နေသည်။ ထို့ကြောင့် နအဖအနေနှင့် အထူးဖျက်ဆီးရေးတပ် အနေနှင့်ဖွဲ့စည်းကာ တော်လှန်ရေးဒေသအတွင်းရှိ ပြည်သူလူထုအပါအ၀င် တော်လှန်ရေးအဖွဲ့သားများ ခြေမချနှိုင်စေရန် ဇိဝလက်နက်ကဲ့သို့သော လက်နက်များအသုံးပြုဖြိုခွင်းရေးပြင်ဆင်ဆွေးနွေးလျှက်ရှိကြောင်းသိရှိရသည်။ ထိုအစီအစဉ်တွင် တော်လှန်ရေးတပ်ဖွဲ့များ နေထိုင်သည့် ဒေသအတွင်းရှိ အသုံးပြုလျှက်ရှိသည့် ချောင်းမြောင်းများအတွင်း အဆိပ်ခတ်ရန်အထိပါဝင်ကြောင်းသိရှိရသည်။ ဗမာနိုင်ငံတွင် န၀တ နအဖ စစ်အုပ်ချုပ်ရေး စတင်သည့် ၁၉၈၈ မှစ၍ ကျန်းမာရေးအကြောင်းပြချက်ဖြင့် နိုင်ငံတကာမှ တရားဝင် ဇိဝပစ္စည်းများအား သွင်းယူစမ်းသပ်နေသည်မှာ ကြာမြင့်နေပြီဖြစ်သကဲ့သို့ မာနယ်ပလောစစ်ဆင်ရေးနောက်ဆက်တွဲ ၀မ်ခစစ်ဒေသများကို ထိုးစစ်ဆင်ရာတွင် နအဖ အနေနှင့် အဆိုပါ ဇီဝလက်နက်များကို အသုံးပြုသွားကြောင်း အထောက်အထားရှိခဲ့သည်။

ဒုဗိုလ်ချုပ်မှူးကြီးမောင်အေးအား အရပ်ဘက်သို့တိုက်တွန်းပို့ဆောင်ရေးကြိုးပမ်းနေစဉ် ဒုဗိုလ်ချုပ်မှူးကြီးမောင်အေးအနေနှင့် လက်မခံနှိုင်ဘဲ တပ်မတော်ရာထူးမှနှုတ်ထွက်သွားသည်ဟု မိမိတို့သတင်းအဆက်အသွယ်များထံမှ သိရှိရသည်။

ပန်းဆိုးတန်းသို့  ဖြတ်သန်းခြင်း

အလွမ်းတွေနဲ့  မှိုင်းမှိုင်းဝေနေတဲ့ 

ညနေခင်းကို

လွယ်အိတ်ထဲက ထုတ်ခင်းလိုက်တယ် ….



စာငတ်နေတဲ့ စိတ်က

ပန်းဆိုးတန်း စာအုပ်အဟောင်းတန်းမှာ

ထမင်းတနပ်နဲ့ ချိန်ဆ

ဒွိဟဖြစ်နေတယ် ….



အေမီ ဒေစီ ကေသီ

ဝေရီရီ အမှောင်ရိပ်မှာ

စိုးရိမ်စိတ်နဲ့  ဈေးဦးမှပေါက်ပါ့မလား

အရင်အတိုင်းပဲ အပြုံးများ နွမ်းလျ

အိမ်ပြန်ခက်တဲ့ ညတွေကြုံဦးမယ် ….



သစ်ရွက်အသေများပေါ်က

ရက်စက်သောဂီတ

လိုချင်တပ်မက်မှုက

ငါ့ ရင်ကို ချေမွနေတယ်

ခပ်လှမ်းလှမ်းက

ခလေးငယ်ရဲ့ တောင်းရမ်းသံမှာ

အိပ်ကပ်ထဲက အသပြာ

ခေါင်းထောင်ထလာတယ် …..



ငါ မမြင်ဘူးသော မျက်နှာစိမ်းများ

အကောင်းစားကားများ

ကဗျာတစ သတိရတယ်

သူခိုးဖမ်းပါ

လမ်းကြားမှာလား

ပန်ကာအောက်မှာ ထိုင်နေသည် …..



ပန်းဆိုးတန်းပလက်ဖောင်းတလျှောက်

တလှမ်းချင်းလျှောက်အလာ

အဟောင်းဆိုင်ကလေးရဲ့  စာအုပ်ပုံကြား

ဖူးချစ်ရဲ့  ကြိုးစင်ပေါ်က မှတ်စု

ငါ့ နှလုံးသားကို တူနဲ့ ထုလေတယ် ….



စာအုပ်အဟောင်းတန်းကို ကျောခိုင်း

မြင်နေကြ နွမ်းလျလျမျက်နှာများ

သောကစွန်းထင်း ပေကျံနေသော မျက်ဝန်းများကို

ခပ်ယဲ့ယဲ့ ပြုံးပြ နှုတ်ဆက်ထွက်ခွါ

မောင်လေးအောင်ရဲ့ ကဗျာ

ဖူးချစ်က သင်တို့ ကို ချစ်ခဲ့သည်

ငါ့ အာရုံမှာ ငြိတွယ်လိုက်ပါ …..



ငါ မြင်ဘူးတဲ့ သူတွေနဲ့ 

ငါ စီးးဘူးတဲ့ ဒုတိယကမ္ဘာစစ်လက်ကျန်ကားများ

တိုးဝှေ့  ဖြတ်သန်း

ငါ့ ၀ိညာဉ်ဟာ အခိုးအငွေ့ အဖြစ်

နာကျင်စွာ ပျံသန်းသွားခဲ့…….။



ရဲရင့်သက်ဇွဲ

၂၆ ၀၁ ၂၀၁၁

ယနေ့သတင်း (၂၈ ရက် ဇန်န၀ါရီလ ၂၀၁၁)




သတင်း
နံနက် (၁၀ နာရီ ၃၅ မိနစ်) ယခုတပတ်အတွင်း ဒီကေဘီအေ စခန်းတွေကို နအဖ ရဲ့ ထိုးစစ်တိုက်ပွဲတွေ အရှိန်အဟုန်မြင့်လာတာ တွေ့ရပါတယ်။ ၂၀၁၁ ခုနှစ် ဇန်န၀ါရီ ၂၂ ရက်နေ့ကနေစပြီး အပြင်းအထန် ထိုးစစ်ဆင်မှုတွေပြုလုပ်နေတဲ့ ယနေ့ ၂၈ ရက်နေ့အထိ နအဖ ဘက်က အရာရှိအရာခံ အကြပ်စစ်သည် ၁၂၀ ကျော်သေဆုံးပြီး ၂၀၀ နီးပါး ဒဏ်ရာရမှုတွေ ရှိပါတယ်။ နအဖ ဘက် ထိခိုက်ဒဏ်ရာ သေဆုံးမှုတွေ များပြားလာတဲ့အတွက်ကြောင့် နယ်စပ်တိုက်ပွဲတွေအသုံးချဖို့ ဖွဲ့စည်းထားတဲ့ သူတို့လက်ကိုင်ဒုတ်ဖြစ်တဲ့ နယ်ခြားစောင့်တပ်အပေါ်လည်း ယုံကြည်မှု ကင်းမဲ့လာတာတွေ့ရပါတယ်။ ဒါ့အပြင် နအဖ တပ်သားတွေနဲ့ နယ်ခြားစောင့်တပ်တွေ စစ်ပြေးတွေ ယခင်တိုက်ပွဲကာလတွေထက် ပိုမိုများပြားလာပါတယ်။

နံနက် (၉ နာရီ ၅၅ မိနစ်)
ယမန်နေ့မနက်ပိုင်းတွင် လှိုင်းဘွဲမြို့နယ်၊ ကမားထာ့နှင့် ကျော်သလေးခို့အကြား၌ ကေအဲန်ယူ တပ်ရင်း(၂၁)နှင့် နအဖ ခမရ(၃၄၃)တို့ ၁၀ မိနစ်ကြာ ချုံခိုတိုက်ပွဲဖြစ်ပွားရာ ကေအဲန်ယူဘက်မှ ထိခိုက်မှုမရှိသော်လည်း နအဖဘက်မှ ၄ဦး ကျဆုံးကာ ၃ဦးဒဏ်ရာ ရရှိကြောင်း သိရှိရသည်။ (ကိုးကား - ကေအိုင်စီ)

နံနက် (၉ နာရီ ၅၀ မိနစ်) ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့နယ် ချောင်းဆုံနားမှာလည်း ယမန်နေ့က တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။ နအဖတပ် ခမရ (၄၀၁) နဲ့ ကေအဲန်ယူ တပ်ရင်း ၁၆ နဲ့ ဒီကေဘီအေ တပ်ရင်း ၉၀၆ ခွဲက ချောင်းဆုံရွာနားမှာ ယနေ့မနက်က တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာပါ။

နံနက် (၉ နာရီ ၄၀ မိနစ်) KNLA တပ်မဟာ(၇)လက်အောက်ခံ တပ်ရင်း(၂၁)၊ (၂၂)နှင့် အထူးပြောက်ကျားအဖွဲ့ဝင်များ ပါဝင်သည့် အင်အား ၇၀ခန့်ရှိ အဖွဲ့သည် ဇန်န၀ါရီလ ၂၁ရက်နေ့က နယ်ခြားစောင့်တပ် (၁၀၁၅)တပ်ရင်း၏ ဟောသူးခီးစခန်းကို တက်ရောက်သိမ်းဆည်းခဲ့ရာ လက်နက် ၁၂လက် ရရှိပြီး ၎င်း နယ်ခြားစောင့်တပ် တပ်ရင်းမှ ဗိုလ်ချာလယ်၊ ဒုဗိုလ်ရော့ကက်၊ တပ်ကြပ်ကြီးတစ်ဦး အပါအ၀င် ၈ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။

ယနေ့သတင်း (၂၇ ရက် ဇန်န၀ါရီလ ၂၀၁၁)

သတင်း
နံနက် (၁၁ နာရီ ၅၅ မိနစ်) ယနေ့မနက်ပိုင်း ၁၁ နာရီဝင်းကျင်လောက်တွင် ယမန်နေ့တိုက်ပွဲတွင် နအဖ ဘက်မှ သေဆုံးသွားသော အရာရှိအရာခံ အကြပ် စစ်သား ၂၀ ကျော်နှင့် ထိခိုက်ဒဏ်ရာ ရသူများကို နောက်တန်းသို့ ပြန်လည်ပို့ဆောင်နေပါတယ်။ ထိုသို့ပို့ဆောင်ရာ ခရီးလမ်းတလျှောက် တိုက်ပွဲများ မဖြစ်ပွားစေရန် နအဖ ဘက်မှ ၁၂၀ မမ၊ ၈၁ မမ၊ လက်နက်ကြီးအမြောက်တွေနဲ့ ကာပစ်ဆုတ်ခွာ ပို့ဆောင်နေတယ်လို့ သိရှိရပါတယ်။

နံနက် (၁၁ နာရီ ၅၀ မိနစ်)
ယမန်နေ့တိုက်ပွဲမှာ နအဖ စစ်သား တပ်ကြပ် ၁ ယောက်၊ တပ်သား ၁ ယောက်ကို တိုက်ပွဲအတွင်း စစ်သုံ့ပန်းအဖြစ် ဖမ်းမိခဲ့ပါတယ်။ အန်အေ ၇ (ဆဲဗင်း) နှစ်လက်နှင့်တကွ အဆိုပါ စစ်သုံးပန်း နှစ်ယောက်ကို လက်ရ ဖမ်းမိခဲ့တာပါ။ ယမန်နေ့က တိုက်ပွဲမှာ နအဖ ဘက်က အရပ်ဝတ်တွေ ၀တ်ဆင်ပြီး ထိုင်း ဘက်ကမ်း ချောင့်ခက်ရွာဘက်မှ မြန်မာဘက် ကမ်းကို ကူးဝင်ရောက်လာပြီး တိုက်ခိုက်ခဲ့ပါသေးတယ်။

နံနက် (၁၁ နာရီ ၃၀ မိနစ်) ယမန်နေ့မနက်ပိုင်းက ညနေပိုင်းအထိ ဝေါ်လေနားက မော်ခီး၊ ချောင့်ခက်အနီးက ဘောပူကျိုးနေရာ ဒေသတွေမှာ တိုက်ပွဲတွေ ပြင်းထန်စွာဖြစ်ပွားခဲ့ပါတယ်။ ယမန်နေ့က ဖြစ်ပွားတဲ့တိုက်ပွဲများမှာ နအဖ ဘက်က ၂၀ ကျော် သေဆုံးပြီး ထိခိုက်ဒဏ်ရာများပြားခဲ့တယ်လို့ သိရပါတယ်။ နအဖ ဘက်က စကခ (၁၂) လက်အောက်ခံ တပ်ရင်းများဖြစ်သည့် ခမရ (၅၄၆)၊ ခမရ (၅၄၈)၊ ခမရ (၅၄၉) နှင့် စကခ (၉) လက်အောက်ခံ ခမရ (၃၅၆)၊ ခမရ (၃၅၇) တပ်ရင်းများဖြင့် ကျောက်ခက်ဒေသကို ထိုးစစ်ဆင်တိုက်ခိုက်လာတာဖြစ်ပြီး အင်အား ၂၀၀ ကျော် ပါရှိကြောင်း သိရပါတယ်။

Wednesday, January 26, 2011

လောင်ပြန်ပြီ ဗိုလ်ချုပ်ဈေးမီးတဲ့... (သတင်း၊ ဓာတ်ပုံ)


ယနေ့ညနေ ၃း၀၀ခန်က ရန်ကုန်မြို့လယ်ခေါင်မှာတော့မီးတွေ စပျက်ပါတယ်။ ပျက်ပြီးသိပ်မကြာပါဘူး ညနေ၄း၁၀ မှာ ရန်ကုန်မြို့ဗိုလ်ချုပ်ဈေး မီးစလန့်ပါပြီ။ ဗိုလ်ချုပ်ဈေး အေရုံက ဦးလေးကြီး ကျောင်းစိမ်းဝတ်စုံ အထည်ဆိုင်ရဲ့ အပေါ်ထပ်ခိုး ကနေမီးခိုးတွေ တလူလူနဲ့ လွင့်ထွက်ခဲ့ပါတယ်။ မီးလန့်တဲ့အချိန်မှာ လျှပ်စစ် မီးမလာပါဘူး။ အဲ့ဒီနောက်မှာတော့ ဈေးအရမ်းမီးသတ်များ၊ စည်ပင်ရဲများရဲ့ဝိုင်းဝန်း ငြိမ်းသတ်မှုကြောင့် မီးဟာ ၄း၄၇ အချိန်မှာ ဆက်လက် လောင်မြိုက်မှု မရှိပဲ ငြိမ်းသွားခဲ့ပါတယ်။ မီးပျက်တာနဲ့ မီးလောင်မှု စတင်တာဟာ ဘယ်သူတွေ အပေါ်မှာ တာဝန်အရှိဆုံးလည်း ဆိုတာ အများ ပြည်သူအပေါင်းတို့ စဉ်းစားပေး တော်မူကြပါခင်ဗျား။

မီးမလာတဲ့ အကြောင်းအရင်းတွေဟာ မီးလောင်ရခြင်းရဲ့ အဓိက အချက်တွေပါ..။ မြန်မာပြည်ရဲ့ လျှပ်စစ်မီးကတော့ ကြပ်ပြေးနဲ့ သတင်းစာထဲမှာ ထိန်ထိန်ညီးနေတာပါပဲ..။ သတင်းစာထဲမှာ မီးလာနေတာ (၂၃)နှစ် ပြည့်ပါတော့မယ်...။ ကျွန်တော်တို့ နိုင်ငံခြားတိုင်းပြည်တွေမှာ မသင်္ကာလို့ ရဲခဏခဏ စစ်ခံရတဲ့သူတွေကို အပျော်အပြက်နဲ့ ရဲကြိုက်တဲ့ရုပ်လို့ စကြ နောက်ကြပါတယ်..။ ထူးဆန်းတာက မြန်မာပြည်မှာ ခုတစ်လော မီးတွေလောင်တာ ဈေးတွေအဓိက ဖြစ်နေတာ တွေ့နေရတော့ မီးကြိုက်တဲ့ဈေးလို့ ပြောမလား ဒါမှမဟုတ် တစ်စုံတစ်ဦးကများ ကြိုက်နေမလားပဲ..။ ဒါမှမဟုတ် ဈေးဆိုတာ အင်္ဂါနံဆိုတော့ တမင်အဂါင်္နံတွေပဲ အနှောင့်အယှက် ပေးခံနေရသလားပဲ..။ နောက်ဒီဈေး ကလည်း တစ်လောက နာမည်ကြီးလေ.. အုန်းအုန်းကြွက်ကြွက်ပဲ ထောက်ခံလိုက်ကြတာ..။ ဘာပဲဖြစ်ဖြစ် ဖြစ်လာရင် ဆုံးရှုံးရတာ ပြည်သူတွေပါပဲ..။ ပြည်သူတွေပဲ ဒုက္ခရောက်ကြတာပါ..။ မြန်မာပြည်သူတွေ ရန်သူမျိုး ငါးပါးနှိပ်စက်ခြင်းမှ ကင်းဝေးကြပါစေ...။

ဒီမိုဝေယံ....

ဇာဂနာ ကဗျာ ဒေါ့ကွန်း


မောင်လွမ်းဏီ
အငြိမ့် အနုသဘင်
သုခုမ ရင်ခွင်၊ ရုပ်ရှင် ဂီတ
ဘ၀နဲ့ ရင်း၊ လမ်းသစ်ထွင်း၍
တေးချင်းညည်းတယ်။

ကြောက်မွှေးပါ၊ ဇာဂနာနဲ့ နှုတ်
အယုတ်အမြတ်၊ အလတ်မရွေ့း
ကြွေးကြော်သံပေးတယ်။

လူထုအပူ၊ လူထုဝေဒနာ
တရားရှာ၊ ကိုယ်မှာတွေ့ တယ်။

အဘိဓမ္မာ၊ ဋီကာမချဲ့ 
အားနွဲ့ သူရှေ့ရှိနေတယ်။

သံဃံသရဏံ ဂန်းစာမိတော့
မချိတင်ကဲ မျက်ရည်ဝဲတယ်။

အမှန်အကန် အဖန်ဖန်သစ္စာရှိကြဖို့ 
သံဃံသရဏံ ဂစ္ဆာမိကြပါတော့
အနှစ်ဗလာ အခါခါမိုက်ကြဆဲဟာမို့ 
ပလာတာမကြိုက်တဲ့ နွားငမိုက်တွေမှာတော့
ဘုရားရိုက်တာသာ ခံကြပေရော့လို့ 
မလျော့မပို အသော့ဆိုလိုက်ချင်သတဲ့
ဇာဂနာရဲ့  မှာတော်ပုံ
မြေ၀သုန်ကို သစ္စာထားခဲ့တယ်။
ထောင်အပြင် တန်းလား၊
သွားစမ်းပါတဲ့
အားလည်းနာတယ်၊ ခင်လည်းခင်တယ်။

စစ်ခွေးတိုက်ညစ်၊ မြစ်ကြီးနားမဲဇာ
ဇာဂနာလေ
သေတောင်ဒူးမထောက်နိုင်ဘူး။

ကဲ စစ်ဗိုလ်တအုပ်
ဇာဂနာကို၊ ကဗျာလုပ်တယ်
ဘာပုဒ်မနဲ့  ဖမ်းမလဲ။

Monday, January 24, 2011

အမေတွက်တဲ့သင်္ချာ




ကျွန်တော်တို့ ငယ်ငယ်
မနက်မိုးလင်းတိုင်းမှာ
အိမ်ရှေ့က ပန်းခင်းလေးထဲ
အမေနဲ့ လမ်းလျှောက်ခဲ့ဖူးတယ်

ကျွန်တော်တို့ရဲ့ လက်တွေကို ဆွဲလို့
ပန်းရနံ့လေးတွေကို ရှုရှိုက်လို့
အသစ်ပွင့်လာတဲ့ ပန်းပွင့်လေးတွေကို
တစ်ပွင့်ချင်း
တစ်ပွင့်ချင်း
အမေရေတွက်တယ်
ပန်းပွင့်လေးတွေကို နမ်းလိုက်
ကျွန်တော်တို့ကို နမ်းလိုက်နဲ့
ရယ်သံတွေကြားက ပြောတယ်
ကျွန်တော်တို့ရဲ့ မျက်နှာလေးတွေက
ပန်းပွင့်လေးတွေနဲ့ သိပ်တူသတဲ့
ပန်းပွင့်လေးတွေလိုပဲ လှပသတဲ့
ညရောက်ပြန်တော့
အမေ့ရဲ့ ရင်ခွင်ထဲမှာ ထိုင်ရင်း
အမေပြောတဲ့ ပုံပြင်တွေကို
ကျွန်တော်တို့ နားထောင်ခဲ့ကြတယ်
ပြီးတော့ ပြတင်းပေါက်ဆီကို ကြည့်ရင်း
ကောင်းကင်က ကြယ်ပွင့်လေးတွေကို
တစ်ပွင့်ချင်း
တစ်ပွင့်ချင်း
ရေတွက်ရင်းနဲ့ အမေပြောတယ်
ကျွန်တော်တို့ရဲ့ မျက်လုံးတွေက
ကြယ်ပွင့်လေးတွေနဲ့ သိပ်တူသတဲ့
ကြယ်ပွင့်လေးတွေလိုပဲ တောက်ပသတဲ့
ခုတော့ဖြင့် ငယ်ငယ်က ရေတွက်ခဲ့ဖူးတဲ့
ပန်းတွေနဲ့ ကြယ်တွေရဲ့ သင်္ချာကို
အမေမေ့လျော့ခဲ့ပြီထင်ပါရဲ့
အဖေက ကျွန်တော်တို့ရဲ့ ဟိုး..အဝေးမှာ
အဖေ့ဆီ ပို့ပေးရမယ့် ပစ္စည်းတွေ
အဖေပြန်ရောက်လာမယ့် နေ့တွေ
အမေရေတွက်တယ်
ပြက္ခဒိန်ပေါ်က နေ့စွဲတွေ
လကုန်ရင် ပေးရတော့မယ့် ပိုက်ဆံတွေ
အမေရေတွက်တယ်
ဧည့်ခန်းထဲမှာ မိုးယိုတဲ့ အပေါက်တွေ
မီးဖိုချောင်မှာ ကျိုးတဲ့ကြမ်းခင်းတွေ
အမေရေတွက်တယ်
ညီမလေး ကျောင်းပြီးမယ့် နေ့တွေ
လကုန်ရင် ကျွန်တော်ပါလာမယ့် ပိုက်ဆံတွေ
အမေရေတွက်တယ်
ပြတင်းပေါက်က ကြယ်ပွင့်လေးတွေ
အမေ မရေတွက်ရတာ ကြာပြီ
တောက်ပတဲ့ ကြယ်ပွင့်လေးတွေ
အမေ မရေတွက်ရတာ ကြာပြီ
မျက်ရည်က ဖုံးကွယ်ထားတဲ့ ကြယ်ပွင့်တွေဆိုတော့
ဘယ်လိုနည်းနဲ့ တောက်ပနိုင်ပါ့မလဲ
လှပတဲ့ ပန်းပွင့်လေးတွေ
အမေ မရေတွက် ရတာ ကြာပြီ
အသစ်ပွင့်လာတဲ့ ပန်းပွင့်လေးတွေ
အမေ မနမ်းရှိုက်ရတာ ကြာပြီ
အမေစိုက်ထားခဲ့တဲ့
အိမ်ရှေ့က ပန်းခင်းလေးလည်း
မနှစ်ကပဲ သေဆုံးသွားခဲ့ပြီ။

ဖလူး နဲ့ ဝေါ်လေဒေသ ဇန်နဝါရီ ၂၃ ရက် အခြေအနေ


ချောင့်ခက်ရွာအနီးက သရက်ပင်စခန်းတိုက်ပွဲမှာ ဇန်နဝါရီလ ၁၇ နေ့က ဖြစ်ပွားခဲ့တဲ့ ဒီကေဘီအေနဲ့ နအဖ တို့ တိုက်ပွဲ မှာ နအဖ ခမရ ၃၅၇ မှ တပ်သား ၁၃ ယောက်သေဆုံးပြီး ၁၇ ဦး ဒဏ်ရာရခဲ့တဲ့ တိုက်ပွဲပြီးတဲ့နောက် နယ်စပ်မှာ ပစ် ခတ်သံတွေ လေးငါးရက်ညိမ်သက်သွားခဲ့ပြီး ဇန်နဝါရီ ၂၃ ရက်နေ့ မနက်စောစောကစလို့ တိုက်ပွဲသံတွေ ဖလူးနဲ့ ဝေါ်လေ တလျောက်မှာ ပြန်လည်ထွက်ပေါ်လာပါတယ်။

ဇန်နဝါရီလ ၂၃ ရက်နေ့ မနက် ၆ နာရီလောက်ကစပြီး နအဖ စစ်တပ်မှ စကခ (၁၂) လက်အောက်ခံ တပ်ရင်းတွေဖြစ်တဲ့ ခမရ (၅၄၈)၊ ခမရ (၅၄၉) တပ်တွေနဲ့ ဒီကေဘီအေ ကလိုထူးဘော ဗျူဟာမှူး ဗိုလ်မှူးကျော်သက် ဦးဆောင်နေရာယူ ထားတဲ့ ချောင့်ခက်အနီး ဘောသိုပူကျိုးနဲ့ ချောင့်ခက်ကြား နေရာကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ နအဖ ဘက်မှ စစ်သား သေဆုံးသူ ဒဏ်ရာရသူ အားလုံးပေါင်း ၂၀ ယောက်ခန့် ရှိပြီး ပြန်လည်ဆုတ်ခွာသွားခဲ့တယ်။ ညနေပိုင်းအထိကို လက် နက်ကြီးတွေနဲ့ နအဖ ဘက်က ပစ်ခတ်ခဲ့တယ်လို့ ဒီကေဘီအေ တပ်မဟာ ၅ မှ ဗိုလ်ဆန်းအောင် က ပြောပြပါတယ်။

တချိန်တည်းမှာပဲ တိုက်ပွဲဖြစ်နေတဲ့ နေရာကို ထောက်ကူပစ်ခတ်နေတဲ့ နအဖ ဝေါ်လေဗျူဟာကုန်းမှ လက်နက်ကြီး ကျည် မတော်တဆပေါက်ကွဲမှုဖြစ်လို့ နအဖ လေးဦးသေးဆုံးသွားပြီး သေဆုံးတဲ့အထဲမှာ တပ်ရင်းအရာရှိတယောက် ပါတယ်လို့လည်း သတင်းရရှိပါတယ်။

ဒီတနေ့ထဲမှာပဲ ဝေါ်လေ အိုကရေ့ထ နေရာမှာ ဒီကေဘီအေဘက်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ နအဖ သုံးဦး ဒဏ်ရာရရှိခဲ့ပါ တယ်။

ဖလူးဘက်မှာတော့ ဒီကေဘီအေ ဗိုလ်ကျော်သက် ဦးဆောင်တဲ့ တပ်ဖွဲ့တွေက နအဖ စစ်ကြောင်းကို ခြုံခိုတိုက်ခိုက်ခဲ့ရာ နအဖ တပ်သား ၂ ဦး သေဆုံးခဲ့တယ်လို့ သိရှိရပါတယ်။

ဒီရက်ပိုင်းထဲမှာ မြဝတီမြို့အနီးပတ်ဝန်းကျင်မှာ နယ်စပ်ဖြတ်ကျော်မှုတွေကို တင်းကျပ်စွာပိတ်ပင်ထားပါတယ်။ ဇန်နဝါရီ ၂၃ ရက်နေ့က ဘားအံမြို့ကနေ မြဝတီဘက်ကို စစ်သားအပြည့်တင်ထားတဲ့ စစ်ကား ၁၅ စီး ထွက်သွားတယ်လို့ ကိုယ် တိုင်တွေ့ရှိရတဲ့ ဘားအံမြို့ခံတဦးက ပြောပြလို့ သိရှိရပါတယ်။

နေ့သစ် ဘလော့မှကူယူပါသည်

ကျနော် အဓမ္မစေခိုင်းခံရတယ် အိုင်အယ်အို မှ ကူညီပါရန်



လိုအပ်နေတဲ့ အခြေအနေတရပ် မှာ တချို့ က မသိလို့  ။ သိအောင်လုပ်ပေးမဲ့ သူတွေ လုပ်နိုင်ကိုင်နိုင်ရည်တွေ
နည်းလို့  လို့  ပြောနိုင်ပေမဲ့  သိအောင်ရှင်းပြ လမ်းညွှန်ပြတာတွေ ကိုလည်း လက်တွေ့ မဆောင်ရွက်ပဲ သတင်း
တင်နိုင်ရင်ပဲ ဟုတ်လှချည် ဆိုသူကတစ်မျိုး လျို့ ဝှက်ပြီး ကြိတ်ရှင်းရင်ပဲ ထိမ်းသိမ်းသိုဝှက်နိုင်တယ်ထင်သူတွေ
ကတမျိုး တွေ့ ရတဲ့အခါ နအဖ တို့  ထင်တိုင်းကြဲနိုင်တာ ဒီအားနည်းချက်တွေကြောင့်ပါလားလို့  ကျမသုံးသပ်ပြီး
တင်ပြလိုက်တာပါ။
မြန်မာနိုင်ငံအပြင်ဖက် အနီးစပ်ဆုံးနေရာမှာ NGO အလုပ်တွေ ကို လုပ်နေသူတွေလူထုအကျိုးပြု လုပ်ငန်း
တွေ ဦးဆောင်နေသူအချို့ တောင် ဒါအဓမ္မစေခိုင်းခံရတဲ့ပြဿနာ ဆိုတာ ဂဂ နန မသိထားတဲ့ပြင် သိရအောင်
လမ်းညွှန်ပြရင်လည်း လုပ်ရကိုင်ရမဲ့ ပုံစံတွေဟာတော်လှန်ရေးတရပ်နဲ့ ပဲ အကျုံးမ၀င်သလို ထင်မြင်နေတာ
ကိုကြည့်ရင်ဖြင့် မြန်မာနိုင်ငံ မှာအဓမ္မ ခိုင်းစေမှုတွေ ပပျောက်အောင် လုပ်ရကိုင်ရ ခက်ခဲနေသေးတာ ဒါတွေ
ကြောင့်ဆိုတာသုံးသပ်လို့ ရပါတယ် ။ NGO အများစုဟာလည်း တော်လှန်ရေးကနေ အသွင်ကူးပြောင်းသွား
သူတွေမို့  ကျမ ဒီလိုသုံးသပ်တင်ပြတာပါ ။
မြ၀တီခရိုင် ဖလူးဒေသ တိုက်ပွဲ ကိုတော့ အားလုံးသိနေကြားနေကြမှာပါ ဒီတိုက်ပွဲဟာ တရားသည်ဖြစ်စေ
မတရားသည်ဖြစ်စေ ဘယ်ဖက်ကကြည့်ကြည့် လူသားအသိနဲ့ ကြည့်မယ်ဆိုရင် ရာဇ၀တ်မှု ပြစ်ဒဏ်ပေး
ဆပ်နေရသူတွေ ကို မိုင်းရှင်း ကိရိယာလို အသုံးပြုခွင့်မရှိပါဘူး။ ဥပဒေအရဆို ပေါ်တာအဖြစ် ထုတ်ပြီးစစ်ရေး
မှာ အသုံးပြူခွင့် ဘယ်ဖက်ကမှမရှိပါဘူး ။ ရာဇ၀တ်မှု အကျဉ်းကျတွေဟာထောင်ဒဏ်နဲ့ အလုပ်ကြမ်းတစ်သက်
ပဲကျစေဦးတော့ သူတို့ ဟာသင့်တင့်တဲ့ အလုပ်ချိန်သာလုပ်ရမှာဖြစ်ပါတယ်။စစ်ရေးမှာ ခုလို လက်နက်ကြီး
ထမ်း။မိုင်းရှင်း ။ရိက္ခါတနင့်တပိုးသယ်ပိုးခိုင်းပြီးရှေ့တန်းကချီတက်ခိုင်းတာ ခိုင်းစေသူ ကိုယ်တိုင်းစစ်ရာဇ၀တ်
မှုကျူးလွန်တာဖြစ်ပါတယ် ။ ပိုဆိုးတာ ခိုင်းစေသူကိုယ်တိုင်က စစ်အစိုးရ ဖြစ်နေတဲ့အတွက် ကျမတို့ ကဒီကိစ္စ
ကို ILO နဲ့  မြန်မာအစိုးရ သဘောတူညီမှုတွေ နဲ့  ကိုင်တွယ်ပြီး ဖြေရှင်းရမှာဖြစ်ပါတယ်။
အဲလိုဖြေရှင်းတဲ့နေရာမှာ သတင်းတင်လိုက်ရုံနဲ့  နအဖ ထိခိုက်သွားပြီ မထင်လိုက်ပါတယ် ထိရောက်တဲ့အရေး
ယူနိုင်မှုမရှိပဲ နအဖ က အချိန်မှီ ပြဿနာအရပ်ရပ် ကို လိုက်ဖုံးဖိ ဖျောက်ဖျက်ပစ်နိုင်ခဲ့လို့  ဆူုံးရှုံးရမှုတွေ အ
များကြီးရှိခဲ့ဖူးပါတယ် ။
ဒါ့ကြောင့် နီးစပ်ရာ မိတ်ဆွေများက ဒီလိုပြဿနာမျိုး ဘယ်နေရာမှာဖြစ်ဖြစ် ILO ကို သတင်းပေးတိုင်ကြား
ကြဖို့  မမေ့ပါနဲ့ ။အဲဒီလို တိုင်ကြားလို့ တိုင်ကြားသူကို နအဖ အရေးမယူနိုင်အောင် ILO က သေသေချာချာ
ကြားဝင်ဆောင်ရွက်ပေးနိုင်တဲ့အဖွဲ့ အစည်းတရပ်ပါ။ ကျမတို့တိုင်းပြည်မှာစစ်အုပ်စုလူ့ အခွင့်အရေးဆိုင်ရာ
ချိုးဖောက်နေမှုတွေမှန်သမျှ အပြည်ပြည်ဆိုင်ရာက အပြည့်အ၀မဖြေရှင်းပေးနိုင်ပေမဲ့  ဖြေရှင်းနိုင်ခဲ့တဲ့ကိစ္စ
ရပ်တွေလည်းရှိတာမို့  စစ်အုပ်စု ရဲ့ ရာဇ၀တ်မှုတွေ များများဖေါ်ထုတ်ကြရအောင်

ကျနော် အဓမ္မစေခိုင်းခံရတယ် အိုင်အယ်အို မှ ကူညီပါရန်


ပထမဆုံး အဓမ္မစေခိုင်းခံရမှု ဖြစ်နေပြီ ဆိုရင် ကိုယ့်ဖက်က ခုအောက်ပါအချက်တွေ ပြည့်စုံဖို့ (သို့ )မပြည့်စုံနိုင်
ခဲ့ရင်ရနိုင်သလောက်ကို စုဆောင်းဖို့ လိုအပ်ပါတယ် ။
၁။ အချက်အလက်ဖေါ်ထုတ်ရေး
(က) ဘယ်သူ ဘယ်အဖွဲ့ အစည်း က ခိုင်းသလဲ
(ခ) ဘယ်အချိန် ဘယ်နေရာ မှာခိုင်းသလဲ
(ဂ) ဘယ်သူ့ ကို ဘာလုပ်ခဲ့သလဲ (ဘယ်လိုခိုင်းသလဲ )
(ဃ) အလုပ်ခံရသူ(သို့ ) အခိုင်းခံရသူ ဘာဖြစ်သွားလဲ
၂။ အဖွဲ့ အစည်း တခုခု ကကိုယ်စားပြုပြီးတိုင်ကြားပေးနိုင်တဲ့ အခြေအနေရှိမရှိ မရှိခဲ့ရင်လည်း သိသူနားလည်
သူတစ်ဦးဦးက အချက်အလက်စုဆောင်းပြီး ILO ကိုတိုင်ကြားနိုင်တယ်။

(ဆက်လက်တင်ပြပါဦးမယ်)

Sunday, January 23, 2011

ကရင်အချင်းချင်း မတိုက်ချင်တဲ့ စောသံမဏိရဲ့ အင်တာဗျူး ဖြေဆိုချက်

ကရင်ဘာသာနဲ့ စောသံမဏိ ပြောဆိုသွားတာကတော့ "နယ်ခြား စောင့်တပ်အတွက် ရွာတွေမှာ စစ်သား လိုက်လံ စုဆောင်းနေကြောင်း၊ တရွာလျှင် ၁၀ယောက်၊ ၁၅ယောက်၊အထိ မသွားမနေရ လိုက်လံ စုဆောင်းနေကြောင်း၊ ဒီကေဘီအေ ကနေ နယ်ခြားစောင့်တပ် ပြောင်းပြီး ကရင်ချင်း ပြန်တိုက်ရမှာကို မလိုလားကြောင်း၊ သူ့တပ်ရင်းမှူး မြခိုင်ဆိုသူဟာလည်း နယ်ခြားစောင့်တပ်ကို ပြောင်းသွားပြီး ဖြစ်ကြောင်း၊ ယူအဲန်ရှေ့ တကိုယ်တော် ဆန္ဖပြရခြင်းဟာ ယူအဲန်အနေနဲ့  မြန်မာပြည် အရေးကို ၀င်ရောက် ကူညီပေးရန် တောင်းဆို ဆန္ဖပြရခြင်း ဖြစ်ကြောင်း၊ ရွေးကောက်ပွဲအတွက် မဲထည့်ဖို့ လုပ်ခဲ့တာတွေဟာ လမ်းကြောင်းမမှန်ပဲ စစ်အာဏာရှင် တည်တံ့ခိုင်မြဲရေး အတွက်သာ ဖြစ်ကြောင်း၊ ၂၀၁၀ ရွေးကောက်ပွဲဟာ ဒီမိုကရေစီ အတုအယောင်သာ ရရှိမှာ ဖြစ်ကြောင်း၊ အဲဒီရွေးကောက်ပွဲကနေ ပြည်တွင်းစစ် ဖြစ်ပွားလာနိုင်ကြောင်း၊ ပြည်တွင်းစစ်ကို မတိုက်ချင်ကြောင်း၊ ကရင်အချင်းချင်း တိုက်ရမှာကိုလည်း မလိုလားကြောင်း၊ သူတို့စစ်သား ဖြစ်သွားရင် သူတို့ခိုင်းတာကို လုပ်ရမှာ ဖြစ်တဲ့အတွက် မလုပ်ချင်ကြောင်း၊ မြန်မာပြည် အရေးကို ယူအဲန်အထိ တင်ပြပေးဖို့ တောင်းဆိုချင်ကြောင်း၊ ယနေ့မှာလည်း ရွာတွေမှာ ပြည်သူ့စစ် လိုက်လံ ကောက်ခံနေကြောင်း၊ မသွားနိုင်ရင် တယောက်ကို တရက်စာ ၃၀၀၀ပေးပြီး ရွာအနေနဲ့ ငှားပေးနေရကြောင်း၊ တရွာမှာ အယောက် ၃၀၊ ၄၀အထိ ၂လခရီးကြာ သွားရမှာဖြစ်သော်လည်း မသွားနိုင်၊ မသွားရဲကြသဖြင့် ရွာကနေ ပိုက်ဆံပေးပြီး သွားရဲသူတွေကို တဆင့်ခံ ငွေပေးငှားရကြောင်း၊ ပြည်သူ့စစ်ကို မလုပ်ချင်လည်း အတင်းလုပ်ခိုင်းနေကြောင်း၊ ကရင်အချင်းချင်း အပြန်အလှန် ပစ်ကြခတ်ကြတာကို မလိုးလားကြောင်း စောသံမဏိက ပြောဆိုသွားတာပါ"။
ဒီကေဘီအေ ၉၉၉တပ်မဟာမှ အဖွဲ့ဝင်တဦးဖြစ်ခဲ့သူ စောသံမဏိဟာ လွန်ခဲ့တဲ့ ဇန်န၀ါရီလ ၄ရက်နေ့က လက်ပစ်ဗုံးကို စနက်တံဖြုတ်ပြီး အချက်လေးချက်နဲ့ မဲဆောက်မြို့ ယူအဲန်ရုံးရှေ့မှာ တကိုယ်တော် ဆန္ဖပြခဲ့သူဖြစ်ပါတယ်။ နောက်ပိုင်း ထိုင်းအာဏာပိုင်တွေထံ လက်နက်ချလိုက်ပြီး ယခုအခါ ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးထိန်းသိမ်းထားပါတယ်။.

ယနေ့သတင်း (၂၃ ရက် ဇန်န၀ါရီလ ၂၀၁၁)




သတင်း
ညနေ (၆ နာရီ ၄ မိနစ်) ယနေ့နံနက် ၅ နာရီ ၅ မိနစ်မှ ၁၀ နာရီအထိ နအဖ စစ်တပ်မှ စကခ (၁၂) လက်အောက်ခံ တပ်ရင်းများ ဖြစ်သည် ခမရ (၅၄၈)၊ ခမရ (၅၄၉) တပ်များ ဒီကေဘီအေ ကလိုထူးဘော ဗျူဟာမှူး ဗိုလ်မှူးကျော်သက် ဦးဆောင်သည့် ကျောက်ခက် စခန်းကို ထိုးစစ်ဆင်ရာတွင် နအဖ စစ်သား ၄ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာ များပြားစွာဖြင့် ဆုတ်ခွာသွားကြောင်း သိရှိရသည်။

နံနက် (၉ နာရီ ၄ မိနစ်)
ကရင့် အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) တပ်မဟာ ၄နှင့် နအဖ ခမရ ၅၅၈တို့ လွန်ခဲ့တဲ့ ဇန်န၀ါရီလ ၂၁ရက်နေ့မှာ တိုက်ပွဲ ဖြစ်ပွားရာ နအဖ ဘက်မှ ၃ယောက် သေဆုံးပြီး ၄ယောက် ဒဏ်ရာ ရရှိခဲ့တယ်လို့ တပ်မဟာ ၄ ရဲ့ သတင်း ထုတ်ပြန်ချက်အရ သိရပါတယ်။ တိုက်ပွဲ ဖြစ်ပွားရာ နေရာကတော့ ဘိတ် ထားဝယ် ခရိုင်အတွင်းမှာ ရှိတဲ့ ထိုမားဖလို တောင်ကုန်းနဲ့ ဘိုရာခါဟေး တောင်ကုန်း ကြားမှာ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ တိုက်ပွဲဟာ မနက် ၈ နာရီ ၄၀ မိနစ်မှာ ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး KNLA ဘက်မှ ထိခိုက်ဒဏ်ရာရရှိတာ မရှိကြောင်း သိရှိရပါတယ်။ (ကိုးကား- အဲခါန်သင့်)

Friday, January 21, 2011

ယနေ့သတင်း(၂၂ ဇွန်နဝါရီ ၂၀၁၁)

သတင်း
နံနက် (၉ နာရီ ၄ မိနစ်) နအဖ စစ်တပ်တွေ ကရင်ပြည်နယ်အတွင် စစ်ရေးအင်အားဖြည့်တင်းမှုတွေ ပြုလုပ်နေဆဲပါ။ ရခိုင်ပြည်နယ်ရှိ အရှေ့တောင်တိုင်း စစ်ဌာနချုပ် တပ်မ (၄၄) လက်အောက်ခံ တပ်ရင်းများ ကောကရိတ်ကို ပို့ဆောင်ပြီး အင်အားဖြည့်တင်း နေပါတယ်။ ပြီးခဲ့တဲ့ ဇန်န၀ါရီ ပထမ ပတ်ကစတင်ပြီး နအဖ ဘက်မှ ဒီကေဘီအေတပ်တွေကို ၄ ရက်အတွင်း အပြီးတိုက်မယ်ဆိုတဲ့ စကားတွေ ထွက်ပေါ်ခဲ့ပေမယ့် လက်တွေ့ စစ်ရေးအရမှာ နအဖ စစ်ဆင်ရေးတွေ သူတို့မျှော်မှန်းသလောက် အောင်မြင်မှုမရှိခဲ့ဘူးလို့ ပြောဆိုရမှာပါ။ ယခုတခါလည်း ဒီကေဘီအေ တပ်တွေကို ဇန်န၀ါရီလ ၃၁ ရက်နေ့ အပြီး တိုက်မယ်ဆိုပြီး စကားတွေ ထွက်ပေါ်လာပြန်ပါတယ်။ ထိုကဲ့သို့ ပြောဆိုနေပေမယ့် နအဖ စစ်တပ်တွေကတော့ ဒီကေဘီအေ တပ်တွေရဲ့ ရှေ့ထွက်မိုင်းနဲ့ ပျောက်ကြား တိုက်ခိုက်မှုဒဏ်တွေကို အလူးအလဲခံနေရပြီး ထိခိုက်ဒဏ်ရာရမှုတွေ၊ သေဆုံးမှုတွေသာ များပြားလာပြီး စစ်ပြေး၊ ပေါ်တာပြေးတွေလည်း တနေ့ထက်တနေ့ ပိုမို များပြားလာပါတယ်။ ဒီကေဘီအေ ဘက်က အခြေချ စခန်းနှစ်ခုကို စစ်ရေးအမြင်အရ ယာယီဆုတ်ခွာပေးခဲ့ရပေမယ့် ၄င်းတို့ရဲ့ နယ်မြေဒေသ ကျွမ်းကျင်မှုအရ နအဖ စစ်တပ်၊ စစ်ကြောင်းတွေကို ပိုမိုအထိနာစေမယ့် တောတွင်း ပျောက်ကြားစနစ်တွေ၊ မြို့ပြပျောက်ကြားနည်းဗျူဟာ တိုက်ခိုက်နည်းတွေကို ပိုမိုလုပ်ဆောင်သွားမယ်လို့ ပြောဆိုလိုက်ပါတယ်။

နံနက် (၈ နာရီ ၄၀ မိနစ်) ကေအန်ယူ တပ်မဟာ (၂) တောင်ငူ ခရိုင်တွင်လည်း နအဖ စစ်တပ်မှ စစ်အင်အားတိုးချဲ့မှုတွေ ပြုလုပ်လာပါတယ်။ ယခင် စကခ(၇)မှ တပ်ရင်း ၇ ရင်းနှင့် တောင်ပိုင်းတိုင်း စစ်ဌာနချုပ်မှ တပ်ရင်းများ၊ နအဖ စစ်ကွပ်ကဲရေးဌာနချုပ်-စကခ (၉)လက်အောက်ခံ တပ်ရင်း ၇ရင်းနှင့် စကခ(၄) လက်အောက်ခံ တပ်ရင်း ၇ရင်း တပ်ရင်းပေါင်း ၃၀ ကျော်နဲ့ အကျဉ်းသားများ အပါဝင် ထိုးစစ်ဆင် တိုက်ခိုက်မှုတွေ ပြုလုပ်လာပါတယ်။

နံနက် (၈ နာရီ ၃၇ မိနစ်) ယမန်နေ့ည ၉ နာရီဝန်းကျင်တွင် ကလိုထူးဘောဗျူဟာ ဗိုလ်မှူးကျော်သက်ဦးဆောင်သည့် အဖွဲ့မှ သရက်တပင်နှင့် ကျောက်ခက်ကြားမှ နအဖ စစ်တပ်ကို ခြုံခိုတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

နံနက် (၈ နာရီ ၃၅ မိနစ်) ယမန်နေ့ညပိုင်းတွင် နအဖ ဘက်မှ တပ်သား တဦးနှင့် ပေါ်တာ အကျဉ်းအသားတဦးတို့ ဒီကေဘီအေ စခန်းတွင် အလင်းဝင်ရောက်ကြောင်းသိရှိရသည်။ ထို့အပြင် ကေအန်ယူ တပ်မဟာ (၇) နယ်မြေသို့ နယ်ခြားစောင့်တပ် (၁၀၁၈)မှ ဒုတပ်ကြပ်တဦးနှင့် တပ်သားတဦး လက်နက်အပြည့်အစုံနဲ့ လာရောက်ပူးပေါင်းကြောင်း သိရှိရသည်။

Wednesday, January 19, 2011

ခက်တယ်


ခက်တယ်။
ဓာတ်ငွေ့ သိုက်တွေကို စကားလုံးအရ ပိုင်ဆိုင်ပြီးမှ
ဖယောင်းတိုင်ကို ချွေတာထွန်းနေရတာ ခက်တယ်။

ခက်တယ်။
မပြည့်သေးပဲ လျှံသွားရတဲ့
လူသား သယံဇာတတွေ
ဘယ်သူမှ ပြန်မလာကြစေဖို့ 
တံခါးပိတ်ထားတာကလည်း ခက်တယ်။

ခက်တယ်။
မသုံးရသေးတဲ့ ပိုက်ဆံတွေ
ငွေဖောင်းပွမှုရဲ့ အကျိုးဒဏ်နဲ့ 
အလိုအလျောက်အခိုးခံနေရတာကလည်း ခက်တယ်။

ခက်တယ်။
ငရုတ်သီးထုပ်လို့ ကောင်းတဲ့
သတင်းစာစက္ကူဟောင်းတွေပေါ်က
လက်သုံးစံပြ ဆောင်ပုဒ်တွေ
တကယ်အသုံးမခံရလို့ ချောင်ကုပ်နေကြတာကလည်း ခက်တယ်။

ခက်တယ်။
နွားခြေရာခွက် တထွာကို
ကြွားနေတာရှက်စရာမှန်း မသိကြတာကလည်း ခက်တယ်။

ခက်တယ်။
အလုပ်မဖြစ် မှန်းသိပါလျက်နဲ့ 
အစဉ်အလာတွေကိုထိန်း
ပညာတွေကို သိမ်းသိမ်းနေရတာကလည်း ခက်တယ်။

ခက်တယ်။
ပေါက်နေတဲ့ ခွက်တွေကို
ကြောက်နေတဲ့ လက်တွေနဲ့ 
လက်ဆင့်ကမ်းနေရတာကလည်း ခက်တယ်။

ခက်တယ်။
မြန်နှုန်းမြင့်ခေတ်ကြီးထဲမှာ ပြိုင်ပုံပြောင်း
အားလုံး မိုင်ကုန်မောင်းနေကြချိန်မှာ
တို့ ဆီက နိုင်ငံ့သားကောင်းတွေ
အချင်းချင်း ကျားချောင်းသလိုချောင်း
နှေးအောင်လုပ်ပြီး တောင်းနေရတာကလည်း ခက်တယ်။

ခက်တယ်။
သီးသန့် နေလေ့ရှိတဲ့ ထင်းချောင်းတွေ
တခါတခါ စုစည်းမိကြရင်တောင်
အချိုးမခံရဖို့ အုပ်စုဖွဲ့နေကြတာထက်
ပုဆိုးလှန်ပြဖို့ အုပ်စုဖွဲ့နေကြတာက
ပိုများနေတော့လည်း ခက်တယ်။

ခက်တယ်။
စေတနာ လက်တဆစ်နဲ့ 
ကြေငြာချက်အသစ်တွေ
နေရာအတွက်ဖြစ်နေကြတာကလည်း ခက်တယ်။

ခက်တယ်။
အဝေးကနေ လှမ်းထိုးနှက်နေကြပေမယ့်
ပုံစံခွက်ကြီးတွေနဲ့ 
ပုန်ကန်လက်သီးတွေပဲ ဖြစ်နေကြတာကလည်း ခက်တယ်။

ခက်တယ်။
အသံတူ အကြံကွဲ တလမ်းထဲမှာ
ထစ်ခနဲဆို နှစ်ခြမ်းကွဲ
အချင်းချင်း အရမ်းဆဲနေကြတာကလည်း ခက်တယ်။

ခက်တယ်။
ဘယ်သူတွေ ဘယ်လိုစိတ်မှန်းနဲ့ 
လေကိုဖမ်းပြီး ဒန်းဆင်ဆင်
ရှေ့ ကတောင်ဟာ ဧ၀ရက်မှန်းနဲ့ 
ညဥ့်နက်သန်းခေါင်မှာ နေမထွက်မှန်း
သိနေတာကလည်း ခက်တယ်။

နို့ ရည်ခန်းနေတဲ့ မိခင်


အဖေနဲ့ အမေကတော့
လူမခိုးနိုင်မယ့် အမွေ
ပေးဖို့ ကြိုးစားခဲ့ကြတာပဲ။

ဒါပေမယ့်
ပေးသူနဲ့ ယူသူကြားမှာ
ခြေဆုံးခေါင်းဆုံးချော်နေတဲ့ စနစ်…
မကူးနိုင်သေးတဲ့မြစ်ကြီးတခု ခြားနေတယ်။

အရာရာတိုင်း မှာ အကောင်းနဲ့ အဆိုး ဒွန်တွဲနေသတဲ့။
ငါနေခဲ့ရတဲ့ကျောင်းတွေမှာ အလင်းနဲ့ အမှောင် ဘယ်လောက်အချိုးရှိလဲ။
ကျောင်းမှာ သင်ခဲ့ရတာတွေကတော့
မြန်မာစာနဲ့ အတူ အလွတ်ကျက်ခဲ့ရတဲ့ စာစီစာကုံးတွေ
အင်္ဂလိပ်စာနဲ့ အတူ အသံထွက်အမှားများနဲ့ ဝေါဟာရတွေ
သချာင်္နဲ့ အတူ မေးခွန်းခန့် မှန်းတွက်ချက်မှုတွေ
ဇီဝဗေဒနဲ့ အတူ သဘောပေါက်မှုမပါတဲ့ တပွဲတိုး ဘိုင်အိုသီချင်းတွေ
သမိုင်းနဲ့ အတူ ပေါ်လစီရောထည့်ထားတဲ့ မှိုင်းတွေ
ဂါရဝ တရားနဲ့ အတူ ရေငုံနှုတ်ပိတ် ပြန်မထောက်ပြရဲတဲ့စိတ်တွေ….

သြော်...
ကလေးငယ် တယောက်နို့ဆာနေသလို
ပညာကို ဆာလောင် ငတ်မွတ်နေသူတွေအတွက်
ကျောင်းတွေတော့ ရှိပါရဲ့။

ဒါပေမယ့်…
မတက်လို့ လည်းမရ၊ တက်ပြီးတော့လည်း ဟန်မကျတဲ့
အဲဒီ့ကျောင်းတွေကို
အားမနာတမ်း ဥပမာပေးရရင်

မြန်မာပြည်က ကျောင်းတွေဟာ...
ပူပြင်းခြောက်သွေ့ လွန်းတဲ့ ကန္တာရထဲက
လောက်တွေမျိုးပွါးနေတဲ့
သောက်ရေအိုးများ။

အိပ်မက်ထဲက ခေါင်းဆောင်


ဂန္ဒီ… ၇၆နှစ်၊ ဟို…၅၅နှစ် တို့ နဲ့ ရင်ပေါင်တန်းလို့ 
တို့ နိုင်ငံရဲ့… ဟီးရိုးလက်တောက် ဗိုလ်ချုပ်အောင်ဆန်း
နယ်ချဲ့ စနစ်ကို… မီးခိုးကြွက်လျှောက် ပြိုလှုပ်အောင်စွမ်းခဲ့တယ်။

သူ့ အဖြူရောင် သန့် သန့် အချစ်တွေကို
အမည်းရောင်အောက်ခံခေတ်မှာ
ထင်ဟပ် ကြည့်ခွင့်ရတော့
သမိုင်းတခုဟာ ရင်သပ်ရှုမော။

ကွာတယ်…မိုးနဲ့ မြေလို ကွာတယ်
ကွာတယ်…သူခိုးနဲ့ အဖေလို ကွာတယ်
တံတွေးခွက်ထဲမှာ မျှောရင်း
သွေးကွက်ထဲမှာ တောနင်းလို့ 
သိုက်တူးနေကြတဲ့ သူတွေကြားမှာ…
ဝတ္ထုဇာတ်ကောင်ဆန်ဆန်
ငါးမူးတန်းကနေ ရုပ်ရှင်ကြည့်ခဲ့တဲ့ သူ့ကိုလွမ်းတယ်။

မထူးဆန်းပေမယ့် ထူးဆန်းတယ်။
သူ့ ကြောင့်လွတ်လပ်သွားခဲ့ဖူးတဲ့ နိုင်ငံမှာ
သူ့ ပုံကားချပ်တွေလိုက်ဝေတာဟာ
စွန့် စားပြီးလုပ်ရတဲ့ အလုပ်တဲ့။

မထူးဆန်းပေမယ့် ထူးဆန်းတယ်။
အာဇာနည်နေ့ မှာ
အာဇာနည်တယောက်ပုံပါတဲ့ အင်္ကျီတွေ
အာဇာနည်ကုန်းပေါ် ဝင်ခွင့်မရခဲ့ဘူး။

သြော်…
လွတ်လပ်ခြင်းနဲ့ ဒီမိုကရေစီ
အဖ သွေးနဲ့ စိုက်ခဲ့တဲ့ပန်း
သားတို့ နမ်းခွင့်မရလိုက်ဘူး။

လူညီမျှခြင်းလူ


မြန်မာအလုပ်ရှင်က
မြန်မာစားပွဲထိုးလေးတွေကို ဆူနေချိန်မှာ
ဂျပန် အဖိုးအိုက
မြန်မာ ကလေးငယ်တွေအတွက် လှူနေတယ်။

ခွဲခြားဖို့ ခက်သူ အချင်းချင်း
‘မြို့ တွင်းစစ်’ ခင်းနေချိန်မှာ
ဂျာမန် ဆရာဝန်က
အာဖရိကန် လူနာတွေကို ကူနေတယ်။

သြော်
မေတ္တာသာကူ
လူမျိုးတူဖို့ မလိုဘူး
ငါတို့ အားလုံး မိသားစုပဲ။

မိဘတယောက်က ကိုယ့်ရင်သွေးအရင်းကို စွန့် ပစ်လိုက်ချိန်မှာ
ဂျိုလီက နိုင်ငံစုံက ကလေးငယ်တွေကိုမွေးစားတယ်။
ဒုက္ခရောက်နေတဲ့ ကလေးငယ်တယောက်ကို
ဘုန်းကြီးကျောင်း တကျောင်းက ကျွေးထားတယ်။

သြော်
ကရုဏာဆိုတာ…မှော်၊
အမျိုးတော်ဖို့ မလိုဘူး
ငါတို့ အားလုံး မိသားစုပဲ။

မျိုးချစ်စိတ် အရေခြုံပြီး နာဇီစကားတွေ လာမပြောနဲ့ ။
လူမျိုးကွဲတွေကြားမှာ ဘာကြောင့် အချစ်ကားတွေနည်းပြီး စစ်ကားတွေများနေရတာလဲ။
သမိုင်းသင်ခန်းစာ တချို့က ရတနာတွေထက် အမှိုက်တွေကို ရွေးပြီးစုတယ်။
လူတွေမှာ ဘာအကြောင်းကြောင့် မျက်လုံးတဘက်တည်း ရှိနေရတာလဲ။

တစုကို တစုက လွှမ်းမိုးချင်ရင် ကမ္ဘာမှာ အနာတွေချည်းပဲ ကျန်လိမ့်မယ်။
မုန်းတီးလာကြတဲ့အခါ ဟမ္မူရာဘီက ဘုရားတွေထက်တောင် ပိုသြဇာညောင်းမယ်။
လူသားထုကြီးဟာ လက်နက်တပ်ဆင်ခြင်းအားဖြင့် ကိုယ့်အင်အား ကိုယ်လျှော့နေကြတယ်။
စစ်ပွဲတွေဆိုတာ အမုန်းလက်နက်နဲ့ တယောက်ယောက်ရဲ့  စိတ်ထဲမှာပဲ စတင်တယ်။

ခွဲခြားချင်သူ လူတွေ အတွက်တော့ သွေးအမျိုးပေါင်း ထောင်ချီရှိမယ်။
သွေးလိုနေသူ လူနာအတွက်တော့ သွေးအမျိုးအစား လေးမျိုးတည်းရှိတယ်။
သြော်
မိခင်တွေကိုကြည့်
အချစ်မှာ မျက်စိရှိတယ်။
အမုန်းဆိုတာကတော့
ကြောင်တောင်ကန်းမျက်လုံး
ပူပေမယ့် မြူတွေဖုံးနေတယ်။v

မေးခွန်းများ

ငိုကြွေးခြင်းတခုနဲ့ စ
လူ့ ဘ၀ထဲ ၀င်လာကြတဲ့အခါ
ဘာမှမပါ ဗလာခန္ဓာကိုယ်တခုသာ
ငိုကြွေးခြင်းများစွာ
လူ့ ဘ၀ထဲက ပြန်ထွက်တဲ့အခါ
အဲဒီ ခန္ဓာကိုယ်တခုသာ
ပြန်ပါသွားကြ …..။

တရားရှာ …. ကိုယ်မှာတွေ့ တဲ့ 
မွေးဖွားခြင်းနဲ့  သေဆုံးခြင်း ကြား
အပ်နှစ်စင်း ထိတွေ့ ပုံများ လွယ်ကူးလွန်းစွ
မနုသတ္တဘာဝေါ ဒုလ္လဘော
လူ့ ဘ၀ ရခဲခြင်းသဘော
ဘုရားဟောလည်း အရှိသားမဟုတ်လား ……။

ပူလောင်မှုတွေ နာကျင်မှုတွေ
ဆာလောင်မှုတွေ
လိုအင်ဆန္ဒ မပြည့်ဝသမျှ
ဘ၀ … ဘ၀ …
တရားရစရာ အကောင်းသား
အလောင်းများနဲ့ ယပ်တောင်များကပြောပြ
ဧည့်သည်တဲ့
သံဝေဂတေး ဟစ်ကြွေးသံများ ပဲ့တင်ထပ်မျှ ……။

မွေးဖွားခြင်းနဲ့ သေဆုံးခြင်းကြား
တို့ လူသားတွေ
ဘာတွေ မှားခဲ့ကြမလဲ
ဘာတွေ ထားခဲ့ကြမလဲ
မသေးခင်တွေး
ကိုယ့်ကိုယ်ကို ပြန်မေးရဦးမယ် …..။
မေးခွန်းများ

ငိုကြွေးခြင်းတခုနဲ့ စ
လူ့ ဘ၀ထဲ ၀င်လာကြတဲ့အခါ
ဘာမှမပါ ဗလာခန္ဓာကိုယ်တခုသာ
ငိုကြွေးခြင်းများစွာ
လူ့ ဘ၀ထဲက ပြန်ထွက်တဲ့အခါ
အဲဒီ ခန္ဓာကိုယ်တခုသာ
ပြန်ပါသွားကြ …..။

တရားရှာ …. ကိုယ်မှာတွေ့ တဲ့ 
မွေးဖွားခြင်းနဲ့  သေဆုံးခြင်း ကြား
အပ်နှစ်စင်း ထိတွေ့ ပုံများ လွယ်ကူးလွန်းစွ
မနုသတ္တဘာဝေါ ဒုလ္လဘော
လူ့ ဘ၀ ရခဲခြင်းသဘော
ဘုရားဟောလည်း အရှိသားမဟုတ်လား ……။

ပူလောင်မှုတွေ နာကျင်မှုတွေ
ဆာလောင်မှုတွေ
လိုအင်ဆန္ဒ မပြည့်ဝသမျှ
ဘ၀ … ဘ၀ …
တရားရစရာ အကောင်းသား
အလောင်းများနဲ့ ယပ်တောင်များကပြောပြ
ဧည့်သည်တဲ့
သံဝေဂတေး ဟစ်ကြွေးသံများ ပဲ့တင်ထပ်မျှ ……။

မွေးဖွားခြင်းနဲ့ သေဆုံးခြင်းကြား
တို့ လူသားတွေ
ဘာတွေ မှားခဲ့ကြမလဲ
ဘာတွေ ထားခဲ့ကြမလဲ
မသေးခင်တွေး
ကိုယ့်ကိုယ်ကို ပြန်မေးရဦးမယ် …..။

Tuesday, January 18, 2011

“အလင်းဖြူ” တမ်းချင်း


(Photo: AP)
ကလေးငယ်တွေရဲ့ မျက်နှာဟာ
သီလမကျိုးသေးတဲ့ သတင်းစာ
ကလေးငယ်တွေရဲ့ ငိုသံဟာ
ဘက်လိုက်မှုကင်းတဲ့ မီဒီယာပေါ့
မျက်လုံးတွေထဲက စီးကျလာတဲ့ ကျည်ဆံတွေ
နှလုံးသားတိုင်းကို မှန်ပါစေ။

လက်တဆုပ်စာရဲ့ အတ္တတွေကြောင့်
သန်းပေါင်းများစွာရဲ့ ဆုတောင်းဆန္ဒတွေ
‘ဥ’ဘဝ မှာတင် သေတယ်။

ဟိုဘက် အလံရိပ်ဆီကလည်း ဘုရားဆီမှာ ဆုတောင်း
ဒီဘက် အလံရိပ်ဆီကလည်း အဲဒီ့ဘုရားဆီမှာပဲ ဆုတောင်း
လောဘရှေ့ထားတဲ့ ပူဇော်မှုတွေနဲ့
ကိုယ့်ကိုယ်ကိုဖြေသိမ့်လှည့်စား နေကြပုံတွေက
ဘုရားတွေဟာ ကိုယ်ခွဲများစွာနဲ့
နှစ်ဘက်ချွန်တွေ ကျနေတာပဲ။

သြော်…
လူတွေ လူတွေ…
အမြင်အာရုံ တံခါးတွေစေ့
ဘုရားတွေရှေ့မှာ ဓားသွေးနေကြပါလား။

၂၁ရာစုဦး ကျမ်းသစ်ထဲမှာ
လောကစောင့်နတ်မင်းဟာ
လူသားတွေကို သည်းခံနိုင်မှု ကုန်ဆုံး
ကောင်းကင် ကို လက်သီးနဲ့ ဝုန်းခနဲ ထုလိုက်တယ်။

မိုးကြိုးမုန်တိုင်းတွေ…ငလျင်တွေ…မီးတောင်ပေါက်ကွဲမှုတွေနဲ့
စစ်ပွဲတွေ…အကြမ်းဖက်မှုတွေ…သဘာဝပတ်ဝန်းကျင်ဖောက်ပြန်မှုတွေ
ဘုရားက လူတွေကို ဒဏ်ခတ်နေတာ မဟုတ်
လူတွေက လူတွေကို ဒဏ်ခတ်နေတာ။

ဘာသာရေး၊ မျိုးချစ်စိတ်၊ နိုင်ငံတော်အေးချမ်းသာယာရေး
နာမည်လှလှလေးတွေတပ်
သူတို့ လူသတ်ခဲ့ကြတယ်။

ငြိမ်းချမ်းရေး၊ လူသားဝါဒ၊ လွတ်လပ်မှု
ဒါတွေကို အရေးတကြီး ဟစ်ကြွေးနေရခြင်းကိုက
ဒါတွေ ရှိမနေခြင်းရဲ့ သက်သေပဲ။

မမှတ်မိနိုင်တော့တဲ့ မျက်နှာနဲ့
ဒီနေ့ ဂြိုလ်ကမ္ဘာမှာ
ရှေ့ဆုံးကလူကလည်း သေနတ်နဲ့
အကျိုးစီးပွါးကို အဓိကထား
အသက်တွေနဲ့ ဆော့ကစားတယ်။
နောက်ကလူတွေကလည်း မီအောင် မနည်းလိုက်
သြော်
ကမ္ဘာ့နိုင်ငံရေးဆိုတာ
ပန်းပန်ထားတဲ့ လူမိုက်ပါပဲ။

ရွာကြီးကိုက ဒုစရိုက်မို့ 
အားလုံးက တုတ်ဆောင် ဓားဆောင်
ကြောက်စိတ်နဲ့ အမောက်ထောင်နေရတယ်။

ရာဇဝင် အခန်းခန်းကလည်း
ယဉ်ကျေးမှု ဖန်ဆင်းခဲ့သူ ကဝေတွေထက်
စစ်ဘုရင်တွေကို credit ပေး
သမိုင်းကို မြှောက်ထိုးပင့်ကော် ရေးခဲ့ကြတယ်။

ဇာတ်ခုံတခုပေါ်မှာတော့
ဖိနပ်အမျိုးမျိုး ပြောင်းစီးနေသူတသိုက်
အချင်းချင်း လက်ဝါးရိုက်
မြေစာပင်တွေကို မီးတိုက်ကြတော့မယ်။

ဒေါသတချောင်းချောင်းနဲ့ ကျည်ဆံတွေကို
ရင်ဘတ်ချည်းသက်သက်နဲ့ခုခံရင်း
အသံတွေ မြစ်ဖျားခံရာဆီ လှမ်းကြည့်လိုက်တယ်။
တကယ့်အရေးအကြောင်း ကျတော့
ကမ္ဘာစောင့်နတ်တွေဟာ ကြက်ပျောက် ငှက်ပျောက်
သူတို့ စုဆောင်းထားတဲ့ တန်ခိုးတွေ
ဘယ်ရောက်ကုန်ပြီလဲ။

ငရဲခုန်ဝင်လာတဲ့ ဖန်သားပြင်ကို
ဇွတ်အတင်း ရုန်းကန် စိုက်ကြည့်
တစုံတရာကို အထိတ်တလန့် သိလိုက်တယ်။
ကမ္ဘာဟာ ကမ္ဘာနဲ့ တိုက်မိပြီး ပျက်စီးနိုင်တယ်။

မျက်လုံးတွေကို အတင်းအကြပ်ပြန်မှိတ်
နှလုံးခုန်သံကို ပုတီးလုပ်ပြီး စိပ်လိုက်တယ်။
ငိုသံ မျှင်းမျှင်းလေးတခု
မိုးခြိမ်းသံလို ဆူညံမှုပါပဲ။

ဗုံးတွေ ပလူပျံနေတဲ့ ခေတ်ဘီလူးမှာ
ရန်သူ့ရင်သွေးကို နို့ တိုက်နေတဲ့မိခင်တဦးကို
ထူးထူးဆန်းဆန်း ဖူးချင်တယ်။

ခြောက်သွေ့ နွမ်းညို
မျက်ဝန်းဂူစိုစို တွေထဲမှာ
အလင်းဖြူလေးတွေ တွေ့ချင်တယ်။

ကလေးငယ်တွေရဲ့ မျက်နှာဟာ
သီလမကျိုးသေးတဲ့ သတင်းစာ
ကလေးငယ်တွေရဲ့ ငိုသံဟာ
ဘက်လိုက်မှုကင်းတဲ့ မီဒီယာပေါ့
မျက်လုံးတွေထဲက စီးကျလာတဲ့ ကျည်ဆံတွေ
နှလုံးသားတိုင်းကို မှန်ပါစေ။
ကောင်းကင်ကို ဆိုဒ်မှကူးယူးဖော်ပြပါသည်။

D..မို..က..ရေ..C


(၁)
တောင်းယူလို့လည်းမရ
တိုက်ယူလို့လည်းမရ
ကျင့်ယူမှ ရမယ့်အရာ။

ဒါပေမယ့် အဲဒီ့ ကျင့်ခြင်းမှာ
တောင်းတာရော
တိုက်တာရော
ကျင့်တာပါ ပါမယ်။

(၂)
သူ့နောက် သူလိုက်ရင်း
အရှိန်သတ်မရတတ်တဲ့ ဇာတ်ကောင်မှာ
သူ့ကိုယ်သူ သတ်သေတတ်တဲ့ သဘာဝလည်းရှိတယ်။

(၃)
ရေစီးကမ်းပြို စေတနာနဲ့
ပန်းမကြိုက်သူတွေရဲ့ခြံထဲမှာ
နှင်းဆီတွေ အတင်းသွားစိုက်ဖူးတယ်၊
ရိုက်လွှတ်မခံရတာ ကံကောင်း။

(၄)
ဂရိရာဇဝင်ကို ပြန်ကြည့်လိုက်တော့
မဲပုံးထဲက လျှံထွက်လာတဲ့ အမည်းတစက်
ဆိုကရေးတီး လက်ထဲက အဆိပ်ခွက်ပေါ့။

(၅)
ချီတက်ကြပါစို့
လက်ပါတဲ့ ကြီးနိုင်ငယ်ညှဉ်းဝါဒ ကနေ
သက်ညှာတဲ့ ကြီးနိုင်ငယ်ညှဉ်းဝါဒဆီသို့။

ဟင်္သာ


ပြိုင်တူတော့ တွန်းပါတယ်။
တယောက်က လီဗာနင်းရင်
တယောက်က ဘရိတ်နင်းတယ်။

ဖက်တော့ဖက်ထားပါတယ်။
ကော်နာစောင့်နေတဲ့ ဘောလုံးသမား နှစ်ယောက်
တယောက်ကို တယောက် ဖက်ထားသလိုမျိုး။

ဒဂုန်တာရာက ပြောတယ်။
“နိုင်ငံရေးလုပ်တယ်ဆိုတာ
ရန်သူကို မိတ်ဆွေဖြစ်အောင်လုပ်တာ”တဲ့...
ခုတော့ မိတ်ဆွေတွေပဲ ရန်သူ ဖြစ်ဖြစ်သွားတယ်။

မေးခွန်းတတောင့်နဲ့ ပစ်လိုက်တိုင်း
ငှက်နှစ်ကောင် သူတို့ ရတယ်။
ဖဲတချပ် ဆွဲထုတ်လိုက်တိုင်း
ပန်းနှစ်ပွင့် ကြွေကြွေကျတယ်။

ကဲ…
သွေးထားတဲ့ ဓားတွေသံချေးမတက်ဖို့
ကိုယ့်လက်ကိုယ်ပြန် ခုတ်ကြစို့။

ဖန်ခွက်ထဲက အမြှုပ်များ


တချို့ ချီးကျူးသံတွေကို
လက်ထိပ်တွေအဖြစ် မြင်လာတယ်။

တချို့လက်ခုပ်သံတွေကို
နောက်ဒါမျိုးပဲလုပ်ပါဆိုတဲ့ အမိန့်တွေအဖြစ်
ငါဘာလို့ ကြားခဲ့တာလဲ။

ငါ့အနာ ငါခွဲဖို့
ငါ့ဘာသာငါ ဓားမြှောင်တလက်ဆွဲတာ
ခြိမ်းခြောက်တာ မဟုတ်ရပါဘူး
မမြင်ချင်ယောင်ဆောင်လိုက်ပါ။

လောကမှာ
အလွတ်လပ်ဆုံး အလုပ်ကို လုပ်ရတာ
မလွတ်လပ်ဆုံးပဲ။

နေရွှေသွေးအောင် က ဒု ကာကွယ်ရေး ဦးစီးချုပ် နေရာ ကို ယူမည်


မြန်မာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီး သန်းရွှေ ၏ မြေးဖြစ် သူ အသက် ၂၁ နှစ် အရွယ်ရှိ နေရွှေသွေးအောင် က ဒု ဗိုလ်ချုပ်မှုးကြီး မောင်အေး ၏ ရာထူး ဖြစ်သည့် ဒုတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ရာထူး ကိုရယူမည် ဟု နေပြည်တော် ရှိ စစ်ဗိုလ်ချုပ် များ အသိုင်းအ၀ိုင်း တွင် သတင်း ထွက်ပေါ်နေသည် ဟု ဗိုလ်ချုပ်ကြီး တစ်ဦး ၏ သားဖြစ်သူ က မြန်မာ ၀ီကီလိခ် သို့ ယမန်နေ့ က ပေးပို့ သည့် စာတွင် ပါရှိသည်။
အသက်အရွယ် အိုမင်းရင့်ရော်လှပြီ ဖြစ်သည့် ဒုဗိုလ်ချုပ်မှုးကြီး မောင်အေးသည်  ၎င်း၏ ရာထူးတာဝန်များ ကို လများစွာ မကြာမြှင့် မှီ မှာပင် စွန့် လွတ် သည့် အခါ ထိုလစ်လပ် သည့် နေရာ အတွက် တရုတ် စစ်တက္ကသိုလ် တစ်ခု တွင် တက်ရောက် ပညာသင်ကြား ခွင့်ရထားသည့် နေရွှေသွေးအောင် က တာဝန်ထမ်းဆောင် မည် ဖြစ်သည်။
နေရွှေသွေးအောင် သည် စစ်မှု မထမ်းမနေရ ဥပဒေ အရ လူငယ်များ အတွက် စံပြ အဖြစ် တာဝန်
ထမ်းဆောင်နေရာ ဒုဗိုလ် ရာထူးကို ရရှိထားပြီး များ မကြာမှီမှာ ပင် ဗိုလ်မှုးကြီးအဖြစ် ရာထူးတိုးပေးခံရတော့မည် ဟု စာပေးပို့ သည့် ဗိုလ်ချုပ်ကြီး၏ သား ကို ဇန်န၀ါရီလ ၁၄ ရက်နေ့ က ၎င်းကိုယ်တိုင် ရန်ကုန်မြို့ တွင်ပြောကြားခဲ့သည်။

Monday, January 17, 2011

“ဘဝကျားကန်အိမ်လေးထဲကအမေ”


ဘဝကျားကန်အိမ်လေးထဲမှာ
အမေရယ် ကျနော်ရယ်
ပြီးတော့...တမလွန်ရောက်နံရံထက်က အဖေ့ဓါတ်ပုံ...။
ကျနော့် ပညာရေးအတွက်ကြောင့် ထင်ပ
ခေါင်းပေါ်ဗန်းရွက်တဲ့ အမေ
ပါးရည်ကတွန့်တွန့် ချောင်းတဟွန့်ဟွန့်နဲ့
လင်းကြက်တွန်သော်....
ပဲပြုတ် တဲ့ ပဲပြုတ် တဲ့လား...အမေရယ်...။
စစ်လက်နက်ပုခုံးထမ်းလူတွေ
အမေ့အိမ်ထက် သားအကြောင်းမေးရင်း
ထရံထက်က အဖေ့ရဲ့ဓါတ်ပုံ
ခွါစုတ်ဖြဲပစ်လိုက်ကြတယ်...။
ချွေးတပြိုက်ပြိုက်ကျ ညနက်နက်မှာ
သားပျောက်မျှော်ရင်း
ဖျာစုတ်ထက်က အမေအိုကို
ဆေးနီမှုန့်က မကူညီရှာနိုင်တော့ဘူး...။
လှည်းလမ်းနဘေး အမေ့ဆိုင်ထက်
ကဇွန်းရွက်တစီး ဝယ်သူမဲ့ကာ
အဝါရောင်သန်းနေတယ်...။
ဇန္နဝါရီလ ၁၆ ရက်နေ့....
အမေ များနေ့အား ဤကဗျာဖြင့်ဂုဏ်ပြုပါသည်

Wednesday, January 5, 2011

“စိတ်ဒဏ်ရာနဲ့ လူ”

ဆိုရှယ်လစ် ဖခင်တွေရဲ့
ရိုက်ချက်ပြင်းပြင်း ဆုံးမမှုအောက်
ငယ်ငယ်ကတည်းက ဆိုပါတော့
စိတ်ဒဏ်ရာတွေ သင့်ခဲ့ဘူးတယ်...။
ဆုံးမတာလား ပြုံးပြတာလားတော့ မသိ
ကြုံးထဲ့လိုက်တာ ကုန်းကွကွဖြစ်သွားတဲ့ ကျနော်
တပတ်ကျော်ကျော် နှစ်ပတ်ထဲ
မစားနိုင် မသောက်နိုင် ကယ်သူမဲ့ဘဝနဲ့
အမေ လက်ပိုက်ကြည့်နေရတဲ့ ခေတ်...။
ငါ့ သားကို ငါဆုံးမတာ
ကျိုးကျိုး ကန်းကန်း ဘယ်သူ့ကိုမှဂရုမစိုက်တဲ့ ငါ့ အဖေ
မကျိုး မကန်း ဆုံးမပါဆရာ ဆိုပြီ
အတန်းပိုင်ဆရာတွေလက်ထဲ ဝကွက်အပ်လိုက်တဲ့ ခေတ်စနစ်ဆိုး
အနန္တော အနန္ဒ ငါးပါးကို ရိုကျိုးခဲ့တဲ့ ငါ
ဒီ့ အတွက်...
ဆရာ မိဘအပေါ် ပြစ်မမှားမိတောင်
ငါဟာ...စိတ်ဒဏ်ရာသင့်ခဲ့တဲ့ လူပါလား...။
                                                     အမေ့သား(ဒိန်းမတ်)

မှတ်ချက်။ ။ဆိုရှယ်လစ်ဖခင်တွေလို သား၊ သ္မီး ဆုံးမတာမမှားဖို့သာ ရည်ရွယ်သည်။
              မိမိသား၊ သ္မီးတွေကို မိမိဘယ်လောက်ချစ်ကြောင်းကို ရင်ထဲမှာ သိုဝှက်
              ထားလို့မရ...လှစ်ဟကာ ဖွင့်ချပြီ ချစ်ပြမှသာ သား၊သမီး များက ငါ့ အဖေ
              နဲ့ ငါ့ အမေ ငါတို့ ကိုတကယ်ချစ်ပါလားဆိုတဲ့ အသိ သူတို့ရင်ထဲရှိလာမယ်၊
             သား၊ သမီး တဦးနဲ့ တဦးအပေါ်လည်း တန်းတူအချစ်တွေနဲ့ ချစ်ကြပါ၊ တန်း
             တူ မချစ်ရင် တချိန်မှာ သား၊ သမီးတွေကြီးလာတဲ့အခါ ငါ့ အပေါ် င့ါ အဖေ
နဲ့အမေ အကြီးလောက်၊ အငယ်လောက်၊ အလတ်လောက် ငါ့ ကိုပိုမချစ်ဘူးဆိုတဲ့ အ
မြင်နဲ့ အသိ စိတ်ထဲစွဲပြီ စိတ်ဒဏ်ရာမသင့်အောင် ကိုကမွေးတဲ့ ကိုယ့်သား၊ သမီး တွေ
တန်းတူအချစ်နဲ့ မိသားစုတိုင်းချစ်နိုင်ပါစေလို့ ဆန္ဒပြုရင်း......
(၆၃) နှစ်မြောက်နေ့လွတ်လပ်ရေးနေ့တွင် မိသားစုတိုင်း ပျော်ရွှင်ချမ်းမြေ့နိုင်ကြပါစေ..

ဒု-ဗိုလ်ချုပ် မှူးကြီးမောင်အေးက UWSA ရဲ့ စစ်ဒေသ ၁၇၁ ကို တိုက်ခိုက်ဖို့ စတင်စီစဉ်


သံလွင်အနောက်ခြမ်း စစ်တပ်တိုးချဲ့မှု - တောင်ပိုင်း ၀ ကိုပစ်မှတ်ထားခြင်းဖြစ်ဟု စ၀်ယွတ်စစ်သုံးသပ်

E-mail Print
သျှမ်းပြည်တောင်ပိုင်း နမ့်ဇန်မြို့နယ် ခိုလမ်မြို့နယ်ခွဲ၌  နအဖစစ်တပ်တိုးချဲ့ခြင်းသည် ထိုင်းနယ်စပ်အခြေစိုက် တောင် ပိုင်း ၀ တပ်ကို တိုက်ခိုက်ရန် ပစ်မှတ်ထားခြင်း ဖြစ်နိုင်ကြောင်း ဒု-ဗိုလ်ချုပ်ကြီးယွတ်စစ်ကသုံးသပ်ပါ သည်။
ဒု-ဗိုလ်ချုပ်ကြီးယွတ်စစ် (ဓါတ်ပုံ- S.H.A.N.)
“ခိုလမ်မှာ တိုင်းစစ်တခုတိုးချဲ့မယ်ဆိုတာကတော့ မသိဘူး။ တပ်မတခုတော့တိုးချဲ့ဖွဲ့စည်းမယ်ဆိုတာတော့ သေချာ တယ်။ တောင်ပိုင်း ၀ တပ်ကို ခြေမှုန်းတိုက်ခိုက်ဖို့ နအဖရဲ့ စစ်ရေးစီမံချက်မှာ တစ်စိတ်တစ်ပိုင်းပါဝင်တယ်။ ဒု-ဗိုလ်ချုပ် မှူးကြီးမောင်အေးက UWSA ရဲ့ စစ်ဒေသ ၁၇၁ ကို တိုက်ခိုက်ဖို့ ပစ်မှတ်ထားတာဖြစ်မယ်” - ဟု သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS) ဥက္ကဋ္ဌ/သျှမ်းပြည်တပ်မတော် တောင်ပိုင်း(SSA-S)ခေါင်းဆောင် စ၀်ယွတ်စစ်က သုံး သပ်ပါသည်။

သျှမ်းပြည်တောင်ပိုင်း၌ နအဖစစ်တပ်အင်အားတိုးချဲ့လိုက်ခြင်းသည် UWSA ၀ တပ်ဖွဲ့၏ သံလွင်အနောက်ဘက်ကမ်း ကူးလူးဆက်သွယ်မှု ဖြတ်တောက်ပစ်သကဲ့သို့ SSA တပ်မဟာ ၁ နှင့် လက်နက်ကိုင်တိုက်ခိုက်ဆဲ SSA တောင်ပိုင်း တို့အကြား ပိတ်ဆို့လိုက်ခြင်းလည်းဖြစ်သည်ဟု အများကသုံးသပ်နေချိန်တွင် စ၀်ယွတ်စစ်က ထိုကဲ့သို့သုံးသပ်ခြင်းဖြစ် သည်။

“ထိုးစစ်ဆင်တိုက်ခိုက်မှု အချိန်မရွေးဖြစ်နိုင်တယ်။ လွှတ်တော်အစည်းအဝေးမခေါ်ခင်လဲဖြစ်နိုင်တယ်။ တောင်ပိုင်း ၀ တပ် စစ်ဒေသ ၁၇၁ ဟာ ဌါနချုပ်ပန်ဆန်းနဲ့ မိုင် ၂၀၀ လောက်ဝေးပြီး ကြားမှာလဲ နအဖတပ်တွေ ရှိနေတယ်ဆိုတော့ လာကူဖို့သိပ်မလွယ်ဘူး”


မြောက်ပိုင်း ၀ နယ်နှင့် တောင်ပိုင်း ၀ နယ်အကြား မိုင်းဖြတ်မြို့၌ စစ်ဆင်မှုကွပ်ကဲရေးဌါနချုပ် စကခ ၁၈၊ မိုင်းဆတ်၌ စကခ ၁၄၊ မိုင်းပန်၌ စကခ ၁၇ နှင့် ကျိုင်းတုံ၌ တြိဂံတိုင်းစစ်ဌါနချုပ်တို့ တည်ရှိသည်။

သျှမ်းပြည်တောင်ပိုင်း မိုင်းရှုးမြို့နယ်နှင့် ကွန်ဟိန်းမြို့နယ်သို့ ဒု-ဗိုလ်ချုပ်မှူးကြီးမောင်အေး သွားရောက်လည်ပတ်ပြီး နောက် ကာလိ၊ မိုင်းဇန်နှင့် ခိုလမ်ကျေးရွာအုပ်စုတို့ကို မြို့နယ်ခွဲအဆင့် တိုးချဲ့ဖွဲ့စည်းကာ စစ်တပ်များလည်း တိုးချဲ့ရန် ညွှန်ကြားထားခြင်းဖြစ်သည်ဟုဆိုသည်။ နမ့်ဇန်မြို့နယ် ခိုလမ်မြို့နယ်ခွဲသစ်တွင် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌါနချုပ် တိုးချဲ့အခြေစိုက်မည်ဟု ဒီဇင်ဘာလနှောင်းပိုင်းက သတင်းများထွက်ပေါ်ခဲ့သည်။

သျှမ်းပြည်၌ အရှေ့ပိုင်းတိုင်းစစ်ဌါနချုပ်(ရပခ)ကို (ကရင်နီပြည်ပူးတွဲထိန်းချုပ်)တောင်ကြီး၌လည်းကောင်း၊ အရှေ့ မြောက်ပိုင်းတိုင်းစစ်ဌါနချုပ်(ရမခ)ကို လားရှိုး၌လည်းကောင်း၊ တြိဂံတိုင်းစစ်ဌါနချုပ်(တစခ)ကို ကျိုင်းတုံ၌လည်း ကောင်း အခြေစိုက်ထားရှိသည်။

ဒု-ဗိုလ်ချုပ်မှူးကြီးမောင်အေးသည် တရုတ်၊ ကိုးကန့်နှင့် ၀ တို့အား အခြားတိုင်းရင်းသားများထက် ပစ်မှတ်ထားကြောင်း၊ ယမန်နှစ် ကိုးကန့်အား ထိုးစစ်ဆင်တိုက်ခိုက်ခဲ့စဉ်ကလည်း ဒု-ဗိုလ်ချုပ်မှူးကြီးမောင်အေး၏လက်ချက်ဖြစ်ကြောင်း သတင်းများထွက်ပေါ်ခဲ့သည်။

“အရှေ့အလယ်ပိုင်းတိုင်းစစ်ဌါနချုပ်ဖွဲ့စည်းအခြေစိုက်ဖို့ဆိုတာ စီမံကိန်းချတုံးဘဲ။ ချက်ချင်းလုပ်ငန်းလည်ပတ်ဖို့ဆို တာ မဖြစ်နိုင်သေးဘူး။ ပြီးခဲ့တဲ့ လပတ်အစည်းအဝေးမှာ သျှမ်းပြည်မြောက်ပိုင်းမှာလဲ စစ်တပ်တွေ တိုးချဲ့ဖွဲ့စည်းပြီး စစ်အင်အားထပ်ဖြည့်အုံးမယ်လို့ဆုံးဖြတ်တယ်”
ဟု လားရှိုး စရဖ အသိုင်းအ၀ိုင်းနှင့်နီးစပ်သူတစ်ဦးက ပြောပါသည်။

တောင်ပိုင်း ၀ နယ်  စစ်ဒေသ ၁၇၁ လက်အောက်ခံတပ်မဟာ ၅ ခုရှိပြီး ၇၇၂ မိုင်းကျွက်၊ ၇၇၅ ဟွေအော့၊ ၇၇၈ ခိုင်းလုံ၊ ၂၄၈ ဟိုယွက်-ဟိုပန်နှင့် ၅၁၈ မိုင်းယွမ်းတို့၌ အသီးသီးအခြေစိုက်ကြသည်။

သေနတ်ပြောင်းမှာပွင့်မယ့်ပန်းတွေ..................



သိစိတ်မှာ.....အမှန်တရားလို့
ဆိုကြပါဆို့........။
တို့ခေတ်မှာ.......
အမှန်တရားဟာ.....ဘယ်တော့မှ.....
မိုးမလင်းခဲ့ဘူး....ညီလေး...
ဒီခေတ်ရဲ့လူဖြစ်ရကြိုးနပ်ခြင်းတွေ.....မင်းကျောပိုးအိပ်ထဲ
ပါသွားတာတွေဟာ....ခေတ်တစ်ခေတ်ရဲ့...
ဖွင့်မပြောလိုခြင်းတွေလား...မင်ဆောင်းထားတဲ့ ဦးထုပ်လေးဟာ
မင်းအမေ ရဲ့
မျက်ရည်တွေနဲ့ရက်ထားတာ တဲ့လား ညီလေးရယ်
တို့တစ်တွေရဲ့
တရားမျှတခြင်းတွေ
မှောင်လွန်းလှပါတယ်......။
စိတ်မချဘူး ညီလေးရှေ့ကိုသိပ်မထွက်နဲ့ညီလေး.....
ခဏ လေးရှောင်နေနော် ညီလေး.....။

ဒီ ကောင်တွေ သိပ်လက်တံရှည်တယ် ညီလေး......
အဲဒီလို စကားသံတွေ ကြားထဲ သွားတော့မယ်.......ကိုကြီးတဲ့.....
အမှန်တရား လူငယ်လေး တစ်ယောက်ရဲ့
ဇာတ်သိမ်း ဟာ......ဒီလိုပဲလား......
ကျွန်တော်လုပ်တော့မယ်.....အကို
ကျွန်တော့်ရှေ့ကအကိုတွေကို လိပ်ပြာ မလုံဘူး အကို
ကျွန်တော်ဖြစ်အောင်လုပ်တော့မယ်အကို
အဲဒီလို စကားသံတွေ ကြား.........
တို့တစ်တွေ ဘ၀ဟာ ကျီးလန့်စာစား........။
ခေတ်စနစ်ဆိုးရဲ့အောက်......
တို့ရဲ့ အမှန်တရားဟာ.................
ဘယ်သော် အခါများမှ ပွဲထွက်ခွင့်ရ မှာလဲညီလေး..........။

တကယ်တော့ ညီလေးရာ...
တို့ဘ၀ တို့ခေတ်ကိုက...
အမှန်တရား ၊သားပျက် ၊သားလျှောဘ၀ကြီး ဆိုတာ.....
မပြောင်းလဲ တို့အားလုးံ သိခဲ့ပါတယ် ညီလေး......။

ဒီအတိုင်း ငြိမ်ခံနေ......
ဒီအတိုင် ဖြစ်တော့မှာပေါ့ ကိုကြီးရာ
မင်း စကား မင်းထားသွားပြီးလား.........။
မင့် ညီလေး အလုပ် ရှာပေးလိုက် ပါသားရယ်....
မင့် ညီလေး...စိတ်လေ နေတယ်သားရယ်
တကယ်တော့ မျိုးဆက်တစ်ဆက်လုးံ
တေပေလွင့်နေခဲ့ရတာပါ ....အမေ...ရယ်လို့
ငါမပြော ရက်ခဲ့ဘူး.....
သားတို့ခေတ်ဟာ ဘယ်လောက်ထိ ပါးလှပ်ခဲ့သလဲဆို
ကိုယ့်အရိပ် ကိုယ်ပြန်မကြည့် ရဲဘူး အမေ.......။
ဘဒ္ဒကမ္ဘာမှာ......အမှန်ကို အမှန်တိုင်းပြောရင်......
``ထောင်ကျတာ`` သားတို့ နှိင်ငံပဲရှိတယ် အမေ......။
လူ့အခွင့်ရေး အကြောင်းပြောလို့
နယ်နှင်ခံရတာ သားတို့နှိင်ငံပဲ ရှိတယ်အမေ......။
လိုချင်တာတွေကို မေတ္တာပို့ဆုတောင်းမိလို့အကြင်နာမဲ့ဆုးံဆုလာဘ်အဖြစ်.....
ကျည်ဆံတွေပဲ သားတို့ရခဲ့တယ် အမေ.........။

အမေရေ........
မေ................
သားတို့ သွေးတွေဟာ သားတို့ နှိင်ငံရဲ့
လမ်းမတွေပေါ်မှာ အခုချိန်ထိရှိနေတုန်းပါပဲ အမေ..........။
သားတို့သွေးစက်တွေ နဲ့ ဒီနိုင်ငံကြီးကို သားတို့ပတ်ထားပါတယ်......
အမေ.......။

သူတို့ပြေးစရာမြေ မရှိတဲ့အထိပေါ့
သူတို့ သေနတ်ပြောင်းမှာ ပန်းတွေပွင့်လာတဲ့အထိပေါ့.........။ ။

အလံတစ်ခု (၂၅၀၀)ကျပ် မဝယ်မနေရတဲ့ (မြန်မာပြည်ကလာတဲ့စာ..)


 တို့ပြည်ထောင်စု အလံတော်သည် ... ၂၅၀၀ကျပ်တန်ပါသည်.. ပြည်သူအပေါင်းတို့ မလိုချင်ပြီ အတင်းထိုးရောင်းခဲ့ရပါသည်.. (ရယက)

မြန်မာပြည်မှာ လွတ်လပ်ရေးရတာ (၆၃)နှစ်ကြာပြီ ဖြစ်ပေမယ့် မြန်မာပြည်သူတွေ လွတ်လပ်ရေးမရတာ ကြာလှပြီပေါ့ဗျာ... လောလောဆယ် လွတ်လပ်ရေးနေ့မှာ စစ်အစိုးရက အတင်းဓမ္မ လုပ်ငန်းရှင်တွေ၊ ဆိုင်ရှင်တွေကို အလံတွေ ထောင်ခိုင်းနေတယ်တဲ့။ မြန်မာပြည်သားတစ်ယောက် ပေးပို့လာတာ တင်ပြလိုက်ရပါတယ်...။

ကိုဒီမိုရေ မနက်ဖန် လွတ်လပ်ရေးနေ့အတွက် အလံတွေ အတင်းလွှင့်ထူခိုင်း နေပါတယ်။ ရယက ကပေါ့ လုပ်ငန်းရှင်တွေ နောက်ဆိုင်ရှင်တွေကိုပေါ့..။ လူနေအိမ်တော့ သူတို့ဘယ်ပြောရဲမလဲ.. ပျော်ပွဲရွင်ပွဲတွေလဲ လုပ်ခိုင်းနေတယ်.. မစည်စည်အောင်ဆိုပြီး..။ အလံသစ်ကို အတင်း ထောက်ခံတဲ့ ပုံစံ လုပ်ခိုင်းချင်တာလားတော့ မသိဘူး။  လွတ်လပ်ရေးနေ့ကို မေ့တောင်နေပါပြီ အကိုရာ..။ မလွတ်မလပ် နေရတာကြာတော့ အလံထူတာတောင် ထူချင်မှန်းမသိ မထူချင်မှန်း မသိ မလွတ်လပ်တာလေ..။

ကျွန်တော့်တို့ဆိုင်တွေကို အလံစုတ် တစ်ခု ၂၅၀၀ကျပ်နဲ့ မယူမနေရဆိုပြီး ဒီနေ့မနက်ပိုင်းက ရယကတွေ လာပေးတယ်လေ။ ကျွန်တော်တို့ ဆိုင်ရှင်တွေက မ၀ယ်ဘူးပြောတော့ မရဘူးတဲ့ဗျ.. အတင်းကို ရောင်းတာ မ၀ယ်မနေရတဲ့လေ...။ ဆိုဒ်ကလည်း ခပ်သေးသေး... (၂)ပေပတ်လည်လောက်ရှိမယ်။ ချုပ်ရိုး ချူပ်သားကလဲဗျာ ကြမ်းသုတ်ဝတ်ကတောင် သူ့ထက် သားနားဦးမယ်..။ အလံကို အစကတည်းက စိတ်မဝင်စားတော့ အပြင်မှာ ဈေးဘယ်လောက် ရှိမှန်းရာင်းမှန်းတောင် မသိဘူး..။ နောက်ဆုံး မဝယ်ရင်မရ ပေကပ်နေတော့ ပြသနာအဖြစ်မခံချင်လို့ ကျွန်တော်တို့လဲ ၀ယ်လိုက်ပါတယ်။ ပြောတော့ပြောလိုက်တယ် ၀ယ်တယ် နော် အလံမလွှင့်ရင်ရော ဖြစ်တယ်မလားလို့... မေးတော့ ပိုက်ဆံရတော့ ဘာတစ်ခွန်းမှ မပြောဘူး။ ငွေရတော့ လစ်သွားရော ကိုဒီမိုရေ.. ဆိုင်တွေတိုင်းပါပဲ..ဝယ်လိုက်ကြရတာ။ အလံဒီဇိုင်းလုပ်တုန်းက ကျွန်တော်တို့ ပြည်သူတွေ ဆန္ဒမမေးပဲ လုပ်ချင်တိုင်းလုပ်ခဲ့ပြီးတော့..။ အခုအလံကျတော့လည်း ဆန္ဒမပါပဲ ဝယ်ရပြုရနဲ့ အဲ့ဒါပဲ ကိုဒီမို လွှတ်တော်ခေါ်ပြီး အရေခြုံ အစိုးရတက်လာရင်လည်း.. ဘာထောက်ခံပွဲ ညာထောက်ခံပွဲတွေ လာဦးမယ်ထင်တယ်...။ အားလုံးသိအောင် ပြောပြလိုက်ရတာပါ.. ပြည်တွင်းကလူတွေရဲ့ လွတ်လပ်ရေးနေ့မှာ မလွတ်လပ်တဲ့ အလံလွှင့်နေရတဲ့ဘဝကိုပါ..။

ယနေ့သတင်း (၅ ရက် ဇန်န၀ါရီလ ၂၀၁၁)

၅ ရက် ဇန်န၀ါရီလ ၂၀၁၁

သတင်း
နံနက် (၁၁ နာရီ ၂၁ မိနစ်) နအဖ စစ်တပ် စကခ(၁၂) ဗျူဟာလက်အောင်ခံ တပ်ရင်းများမှ ကရင်ပြည်နယ်ရှိ စစ်ပွဲဖြစ်သော ဒေသများသို့ ဘားအံ၊ တောင်ကလေးထောင်နှင့် မော်လမြိုင်ထောင်မှ ရာဇ၀တ် အကျဉ်းသား ၂၀၀ နီးပါးခန့်ကို လူသားမိုင်းရှင်းကိရိယာအဖြစ်နှင့် ၀န်ထမ်းအဖြစ်အသုံးပြုရန် ပို့ဆောင်နေကြောင်း သိရှိရသည်။

နံနက် (၁၁ နာရီ ၁၅ မိနစ်) ဝေါ်လေဒေသ ကနဲလေးရှိ နယ်မြေခံ နအဖတပ်ဖွဲ့ဝင်များသည် ရိက္ခာပြတ်လပ်ကာ တပ်စခန်းအပြင် ထွက်မရဲသလို ပြန်လည် ဆုတ်ခွာရန်လည်း ခက်ခဲနေကြောင်း သိရသည်။ (ကိုးကား - ကေအိုင်စီ)

နံနက် (၁၁ နာရီ ၁၁ မိနစ်) နအဖ စကခ(၁၉) လက်အောက်ခံ တပ်ရင်းများသည် ကြာအင်းဆိပ်ကြီးမြို့နယ်၊ ချူကလီးဒေသဘက်သို့ နယ်မြေ ရှင်းလင်းရေးအတွက် သွားရောက်ရန် ပြင်ဆင်လျှက်ရှိကြောင်း သိရှိရသည်။

နံနက် (၁၁ နာရီ ၉ မိနစ်) နအဖ တပ်မှ ရှေ့တန်းဝေါလေဒေသအထိုင်တပ်များကို နအဖ စစ်ကွပ်ကဲရေးဌာနချုပ်(၁၂) လက်အောက်ခံတပ်များနှင့် တပ်ချိန်းမှုများပြုလုပ်နေပြီး တပ်အင်အား ၅၀၀ ခန့်ရှိ ကြောင်းနှင့် ထိုအထဲတွင် နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၅၀ခန့် ပါဝင်ကြောင်း သိရှိရသည်။

မဲဆောက်မြို့ ရှိ UN ရုံးတွင် ဆန္ဒပြမှု ဖြစ်ပွား

၊ ၄ ရက် ဇန်န၀ါရီလ ၂၀၁၁

ယနေ့မနက်ပိုင်းတွင် ထိုင်းနိုင်ငံ မဲဆောက်မြို့ရှိ UNHCR ရုံးအရှေ့တွင် ဆန္ဒပြမှုတခု ဖြစ်ပွားခဲ့သည်။ ဆန္ဒပြသူမှာ ယခင် ဒီကေဘီအေ ၉၉၉ တပ်ရင်းမှ စောသံမဏိ ဆိုသူ ဖြစ်ပြီး မြ၀တီကမ်းဘက်မှ ထိုင်းဘက်ကို ကူးလာပြီး ထိုင်း-မြန်မာနယ်စပ် သောင်ရင်းကမ်းနဘူး ထိုင်းဘက်ခြမ်းရှိ ထိုင်းဆိုင်ကယ်တက္ကစီကို ငှားစီး၍ UNHCR (မဲဆောက်) ရုံးရှေ့တွင် လက်ပစ်ဗုံးနှစ်လုံးအား စနက်တံ ဖြုတ်ကာ လက်တွင်ဆုတ်ကိုင်၍ ဆန္ဒပြခြင်းဖြစ်သည်။

(၁)၂၀၁၀ ရွေးကောက်ပွဲက တရားမမျှတဘူး
(၂) DKBA အား နယ်ခြားစောင့်အတင်းလုပ်ခိုင်းခြင်းအား မကြေနပ်ဘူး
(၃) (BGF)နယ်ခြားစောင့် တပ်ဖွဲ့ ဝင်အဖြစ်အတင်းစုဆောင်းခံရတဲ့ ကိစ္စကို လက်မခံဘူး
(၄)မြန်မာပြည်နိုင်ငံရေးကိစ္စ ကို ယူအမ် ကသေချာရှင်းပေးဖို့  --အစရှိသည်တို့ ဖြစ်ပါသည်။
ထို့ အပြင် ထိုင်းအရာရှိများအား ထိုဆန္ဒပြရဲဘော်မှ ၄င်းအား အရေးယူမည်ဆိုပါက နိုင်ငံတကာ ခုံရုံးတွင် အရေးယူပါရန် လည်းတောင်းဆိုခဲ့သည်။

Saturday, January 1, 2011

ယနေ့ သတင်း (၃၁ ရက် ဒီဇင်ဘာလ ၂၀၁၀)

Friday, December 31, 2010


၃၁ ရက် ဒီဇင်ဘာလ ၂၀၁၀

သတင်း
နံနက် (၁၀ နာရီ ၁၀ မိနစ်) တိုက်ပွဲတွေဆက်တိုက်ဆိုသလို ဖြစ်ပွားနေတဲ့ ဝေါ်လေဒေသထဲမှာ ဒီကေဘီအေ တပ်ဖွဲ့က နအဖ တပ်သား တဦးကို ဒီဇင်ဘာလ ၂၉ ရက်နေ့က ဖမ်းဆီးရရှိခဲ့ပါတယ်။ နအဖ တပ်သားကို ဖမ်းဆီးမိတဲ့ နေရာက အော့ကလေးထရွာ ပတ်ဝန်းကျင်က မော်သုထတောင်ကျောနေရာမှာ ဖြစ်ပြီး ဒီကေဘီအေ ဗိုလ်မော်ကဲကဲ ဦးစီးတဲ့ တပ်ဖွဲ့က ဖမ်းဆီးရရှိခဲ့တာဖြစ်ပါတယ်။

ဖမ်းဆီးရမိတဲ့ နအဖ တပ်သာရဲ့ ဒီကေဘီကေ တပ်မဟာ ၅ မှ စစ်ဆင်ရေးမှူး ဗိုလ်မှူး ဆန်းအောင် မှ ခုလို ပြောပြပါ တယ်။ “မနေ့ ညနေပိုင်းက နအဖ တပ်မ ၅၂၅၊ စကခ ၁၉၊ ခလရ ၂၉၉၊ တပ်ခွဲ ၂ ၊ တပ်စု ၂ မှ ကိုယ်ပိုင်အမှတ် တ/ ၄၁၉ ၅၃၂ တပ်သား ဘာဘူ အသက် ၂၃ နှစ်ဟာ သူတို့ တပ်စခန်း တည်ဆောက်ရေးအေတွက် သစ်ဝါးခုတ်နေတုန်း ဒီကေဘီအေ အဖွဲ့မှ ဗိုလ်မော်ကဲကဲ ဦးစီးတဲ့အဖွဲ့က ဖမ်းဆီးခဲ့တာပါ။ သူ့ကို မေးမြန်းကြည့်တော့ ထမင်းမစားရတာ သုံးရက်တောင်ရှိပြီ လို့လဲပြောတယ်။ သူတို့တပ်မှာ စားရေးသောက်ရေးအတွက် ရိက္ခာပြတ်လပ်လာတော့ ခုဆိုရင် ရွာသားတွေရဲ့ တောင်ယာ တွေမှာ သိမ်းထားတဲ့ စပါးတွေလည်း လိုက်ရှာပြီး ထောင်းစားနေရတယ်။ သူ့တပ်ထဲမှာလဲ ဗိုလ်ကျော်အေးဖြိုး နဲ့ ဗိုလ်ရဲလုကျော် ဆိုတဲ့ အရာရှိ နှစ်ယောက်ရဲ့ နာမည်ကိုပဲ သိတယ်”လို့ ပြောဆိုပါတယ်။ (ကိုးကား - နေ့သစ်)