၁၉၄၀ ပြည့်နှစ်၊ ဇွန်လ (၁) ရက်နေ့တွင် ဟင်္သာတ ခရိုင်၊ တို့ဗမာအစည်းအရုံး ညီလာခံကို ဇလွန်မြို့၌ စည်ကားသိုက်မြိုက်စွာ ကျင်းပလေသည်။ ဋ္ဌာနချုပ် တို့ဗမာအစည်းအရုံးခေါင်းဆောင် သခင်အောင်ဆန်းသည် တရားဟောစင်မြင့်ပေါ်သို့ တက်လာလေသည်။ သခင်အောင်ဆန်းက ပမာဏစကားပြောကြားနေစဉ် တရားဟောစဉ်မြင့်ယန်းကျင်၌ ဝန်းရံနေသော ပုလိပ်စုံထောက်များထဲမှ စုံထောက်တဦးက၊ တရားဟောစင်မြင့်မှ သခင်အောင်ဆန်းထံ စာတစောင် ပေးလိုက်သည်။
သခင်အောင်ဆန်းက စာကိုဖတ်ပြီး ပြုံးလိုက်သည်။ စာက ဟင်္သာတခရိုင် ရာဇဝတ်ဝန် မစ္စတာ ဇေဗီးယားထံမှ ပေးပို့လိုက်သောစာဖြစ်သည်။ သခင်အောင်ဆန်းသည် စာကိုဖတ်ပြီး ပြည်သူ့လူထုထံ မျက်နှာမူလျှက် ပြောလိုက်သည်။
သခင်အောင်ဆန်း။ ။" ဟောဒီမှာ ဟသာင်္တ ရာဇဝတ်ဝန် မစ္စတာ ဇေဗီးယားထံက ဖိတ်စာတစောင်ပေးလိုက်ပါတယ်။ သူ့စာမှာ ဖော်ပြထားတာကတော့ ချင်းတောင်မှာ ဖြစ်ပွားခဲ့တဲ့ကိစ္စကို ယခုဟောပြောရာမှာ ထည့်သွင်းဟောပြောခြင်း မပြုရဘူးလို့ ပိတ်ပင်တားမြစ်ထားတာပါပဲ။ အတော်ပဲဗျာ။ အစကတော့ ဒီချင်းတောင်ကိစ္စပြောဖို့ ကျုပ်မေ့နေတယ်။ ခု ဟင်္သာတရာဇဝတ်ဝန်က သတိပေးမှပဲ ကျုပ်သတိရတော့တယ်၊ ကဲ ပရိသတ်ကြီးကို မေးရအုံးမယ်၊ ချင်းတောင်ကိစ္စ ကြားချင်ကြသလား။
" ပရိသတ်ကြီး။ ။ " ကြားချင်ပါတယ် "
သခင်အောင်ဆန်း။ ။ " ကဲ......ကြားချင်ကြတယ်ဆိုရင်တော့.. ပြောပြချင်နေတာနဲ့ အတော်ပါဘဲ။ ချင်းတောင်ကိစ္စကတော့ ဒီလိုပါ။ ချင်းတောင်မှာ ဗြိတိသျှအစိုးရက ပြည်သူလူထုကို ရက်ရက်စက်စက် နှိပ်ကွပ်နေတယ်။ ချင်းအမျိုးသား ခေါင်းတောင်၊ တို့ဗမာအစည်းအရုံးက သခင်ဝမ်းသူမောင်ကို ဘယ်လိုနှိပ်စက်တယ် ထင်ကြသလဲ။ သခင်ဝမ်းသူမောင်ကို ကိုယ်မှာကြိုးကွင်းစွပ်ပြီး ဖမ်းဆီး ခေါ်ဆောင်လာတယ်။ နောက်တော့ ချည်ထားတဲ့ကြိုးကို ရှေ့ကနေ မြင်းနဲ့ဆွဲသွားပြီး သခင်ခေါင်းဆောင်ကို မြေပြင်မှာ ဒရွတ်တိုက်ဆွဲသွားတယ်။ ချင်းအမျိုးသားတွေက ဗြိတိသျှအစိုးရက မဆန့်ကျင်ရဲအောင် လက်တွေ့ရက်စက်ပြလိုက်တာပဲ။ ဗြိတိသျှအစိုးရဟာ ချင်းတောင်မှာ ပြည်သူတွေအပေါ် အဲဒီလောက် ဆိုးဆိုးရွားရွား ဝိဒူရလက်သစ် ဇတ်ခင်းခဲ့တယ်။
ကဲ........အဲဒါ ဗြိတိသျှနယ်ချဲ့ အစိုးရရဲ့ ဒီကနေ့လုပ်နေပုံပါဘဲ။ "
သခင်အောင်ဆန်း ဟောပြောတာကိုကြားပြီးသောအခါ နားဆင်ရသော ပရိသတ်ကြီးမှာ ဒေါသမီးဟုန်းဟုန်း တောက်ကြသည်။ အံတကြိတ်ကြိတ်ခံစားကြရသည်။
ဟင်္သာတရာဇဝတ်ဝန် ဇေဗီးယားက သခင်အောင်ဆန်းကို ချင်းတောင်ကိစ္စ ဟောပြောမှုဖြင့် ချက်ချင်းဖမ်းဆီးရန် ဝရမ်းထုတ်ခဲ့သည်။
အာဇာနည် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ မတရားသော အမိန့်အာဏာ ကိုဖီဆန်ရဲသော သတ္တိနှင့် အဖိနှိပ်ခံ ပြည်သူလူထုဘက်က ရဲရဲဝံ့ဝံ့ ရပ်တည်ပြောပေးသော စိတ်ဓါတ်ကား လေးစားအားကျဖွယ်ပင် ဖြစ်တော့သည်။

၃. နိုဝင်ဘာလ. ၂၀၁၀
ညီငယ်အလင်းဆက် ရေးသားပေးပို့သည်..။
ဗိုလ်ချုပ်ရဲ့ မတရားသော အမိန့်အာဏာ ကိုဖီဆန်ရဲတဲ့ သတ္တိကို ဖတ်မိရင်း ... ပြည်တွင်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပြတ်ပြတ်သားသား ရွေးကောက်ပွဲ သပိတ်မှောက်ပြီး မဲမပေးရေး လှုပ်ရှားမှုတွေနဲ့ ပတ်သတ်ပြီး ပြည်တွင်းက စစ်အစိုးရရဲ့ ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မယ်ဆိုတဲ့ နိုင်ငံရေးပါတီ တော်တော်များများက လေလှိုင်းသံတွေထဲက ဆူညံဆူညံနဲ့ ပြောဆိုဝေဖန်သံတွေ ကြားလိုက်မိပေမယ့်....
မတရားတဲ့ လုပ်ရပ်တွေနဲ့ ကြံ့ဖွတ်ပါတီရဲ့ နိုင်ငံပိုင် ဘဏ္ဍာငွေတွေနဲ့ မတရားမဲဆွယ်မှုတွေ .. အဓမ္မလုပ်ဆောင်ချက်တွေကိုတော့ ဝေဖန်သံတွေ ကြားတစ်ချက် မကြားတစ်ချက်နဲ့ နှာစေးနေကြပါတယ်. .. ဗိုလ်ချုပ်ပြောသလို ချင်းတောင်ကိစ္စ ကြားချင်သလားဟေ့လို့ ပရိသာတ် ဖြစ်တဲ့ ပြည်သူလူထုကို ပြောရဲသလို.. အမတ်ဖြစ်ရင် ဘာလုပ်ပေးမယ် ညာလုပ်ပေးမယ်.. ဆိုတဲ့ အလံတု ဒေါင်းတု ခမောက်တုပါတီတွေများ ကြံ့ဖွတ်ပါတီရဲ့ မတရားလုပ်ဆောင်ချက်တွေ ဥပဒေမဲ့လုပ်ရပ်တွေကို ပရိသာတ်ကြီးရေ ကြားချင်သလားဟေ့လို့ ပြောဆိုတဲ့ အသံများ ရှိခဲ့မယ် ဆိုရင်တော့ စစ်အာဏာရှင်ရဲ့ မတရားတဲ့ ရွေးကောက်ပွဲဟာ အခြေအနေတစ်ခုသို့ ပြောင်းလဲကောင်း ပြောင်းလဲနိုင်ပါရဲ့လို့ တွေးတောမိပါတော့တယ်။
No comments:
Post a Comment