Tuesday, May 11, 2010

NLD အတွက်ထောင်ချောက် သတိ

၂၀၁၀ ရွေးကောက်ပွဲအတွက် ရွေးကောက်ပွဲဥပဒေ ထွက်လာချိန်တွင် ဥပဒေအပေါ် သုံးသပ်ချက်နှင့် လွန်ခဲ့သော နှစ် ၅၀ ကျော်ကာလ ပါလီမန် ဒီမိုကရေစီ ခောတ်ကာလနှင့် ခြားနားမှု သုံးသပ်ချက်များကို မြန်မာ့နိုင်ငံရေး ခောတ်အဆက်ဆက် ဖြတ်သန်းလာခဲ့သော ဝါရင့် နိုင်ငံရေးသမားကြီး နှစ်ဦးကို မေးမြန်းထားသည်။ အယူဝါဒမတူသူ သူတို့နှစ်ဦးအနက် လက်ရှိအချိန်မှာ ပထမ တဦးက ပြည်တွင်းမှာ၊ ကျန်တဦးက ပြည်ပမှာ နေထိုင်နေသည်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ရုံးများကို ပြန်လည် ဖွင့်ခွင့်ပေးသည်မှာ ထောင်ချောက် ဖြစ်နိုင်သည်ဟု သတိပေးလိုက်သူက မြန်မာပြည် ကွန်မြူနစ်ပါတီ ပြောရေးဆိုခွင့်ရှိသူ ဖြစ်သည်။

သခင် ချန်ထွန်း
မေး။ စစ်အစိုးရက ထုတ်ပြန်တဲ့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥပဒေနဲ့ ပတ်သက်ပြီး ဘယ်လိုမြင်ပါသလဲ။

''အဲဒါနဲ့ ပတ်သက်ပြီး စိတ်မဝင်စားလို့ မဖတ်မိဘူး။ ဒါကတော့ သူကြိုက်သလို ရေးမှာပဲ၊ သူထည့်ချင်သလို ရေးမှာပဲ၊ သူကြိုက်သလို လုပ်မှာပဲဆိုတော့ လူထုတရပ်လုံးက ကြိုက်တဲ့ဟာတော့ မဖြစ်နိုင်ဘူး။ ဖြစ်စေချင်တဲ့ သဘောထားတော့ မဖြစ်နိုင်ဘူး။ လက်ရှိ နိုင်ငံရေးပါတီတွေက လက်ခံနိုင်မယ့်ဟာတော့ မဟုတ်နိုင်ဘူး။ သူတို့ ဥပဒေနဲ့ သူတို့ ကြိုက်သလို လုပ်နေတာပဲ။ တပ်မတော်က အလိုလိုကို နေရာပါရမယ်ဆိုပြီးတော့ အခြေခံ ဥပဒေမှာကိုက ရှိနေတော့ ဒါက ဒီမိုကရေစီနဲ့ တခြားစီဖြစ်နေတယ်''

''စစ်အစိုးရက အလိုအလျောက် နေရာက ရနေတယ်။ ရွေးကောက်ပွဲမှာလည်း ကြံ့ခိုင်ရေးတို့ဘာတို့က နာမည်အမျိုးမျိုးနဲ့ ဝင်ရွေးတာတို့၊ တစညတို့ဘာတို့က စည်းရုံးရေးဆင်းပြီး ဝင်ရွေးတာတို့ လုပ်မှာပေါ့ဗျာ။ အသစ်ဖွဲ့စည်းဖို့ စောင့်နေတဲ့ ပါတီတွေလည်း ရှိနေတယ်''

မေး။ ၂၀၁၀ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေထဲမှာပါတဲ့ ပုဒ်မတွေထဲက ပုဒ်မ ၆ နဲ့ ပုဒ်မ ၁ဝ မှာပါတဲ့ အချက်တွေနဲ့ ပတ်သက်ပြီးတော့ ဘယ်လို ပြောချင်ပါသလဲ။

''ဒေါ်အောင်ဆန်းစုကြည်ကို မပါစေချင်တဲ့သဘော ဖြစ်တယ်။ ဒေါ်အောင်ဆန်းစုကြည်က နိုဝင်ဘာမှာ လွှတ်လာမယ်ဆိုတော့ စစ်အစိုးရက ၂၀၁၀ ရွေးကောက်ပွဲကို ဧပြီ၊ မေ၊ ဇွန် တလလမှာ လုပ်လိုက်လို့ရှိရင် ဝင်ရောက်အရွေးခံပိုင်ခွင့် မရှိတော့ဘူး။ ဒါကတော့ အာဏာရှိနေတဲ့ သူဆိုတော့ သူတို့ ကြိုက်သလို ရေးဆွဲမှာပဲ။ ဒီမိုကရေစီအစိုးရမှာ မဟုတ်ဘဲနဲ့၊ ရွေးကောက်ပွဲက တက်လာတဲ့ အစိုးရမှာ မဟုတ်ဘဲနဲ့၊ အာဏာသိမ်းအစိုးရ ဆိုတော့ ဥပဒေကို သူကြိုက်သလို သူရေးဆွဲမှာပဲ။ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ သူတို့ လုပ်မှာကတော့ သေချာတယ်။ ရွေးကောက်ပွဲကို ကန့်ကွက်တဲ့ သူတွေကလည်း ကန့်ကွက်ပြီး၊ မဝင်ဘဲ နေကြသလို၊ တခြားပါတီအသစ်တွေ ထောင်ပြီးတော့ ဝင်ကြမယ့် ပါတီတွေလည်း ရှိနေတယ်''

မေး။ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေထဲမှာပါတဲ့ အခန်း၂ ပုဒ်မ တွေထဲက ပုဒ်မ ၆ အရ ဖွဲ့စည်း အုပ်ချုပ်ပုံ ဥပဒေကို ထိန်းသိမ်းစောင့်ရှောက်ဖို့ ဆိုထားတဲ့ အချက်ကိုရော။

''အဲဒီပုဒ်မတွေအရဆိုရင် နိုင်ငံရေးကို တက်တက်ကြွကြွလုပ်ပြီး၊ အဖမ်းခံနေရတဲ့ ကျောင်းသား ခေါင်းဆောင်တွေနဲ့ နိုင်ငံရေး ခေါင်းဆောင်တွေ ပါဝင်ခွင့် မရအောင် လုပ်ထားတယ်''

မေး။ ရွေးကောက်ပွဲ အတော်များများ မီခဲ့တယ်ဆိုတော့ အခုကျင်းပမယ့် ရွေးကောက်ပွဲနဲ့ အရင်တုန်းက ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲတွေ ဘယ်လို ကွာခြားလဲခင်ဗျ။

''ဖဆပလ ခေတ် ဒီမိုကရေစီ ကျင့်သုံးတဲ့ အစိုးရ လက်ထပ်တုန်းက ရွေးကောက်ပွဲ လုပ်တာတွေ ရှိတယ်။ ၁၉၅၂ ခုနှစ်၊ ၁၉၅၆ ခုနှစ်နဲ့ ၁၉၆ဝ ခုနှစ်မှာ လွတ်လပ်စွာ ဟောပြော၊ ဆွေးနွေး၊ စည်းရုံးပြီးတော့ မဲတောင်းကြတယ်။ မဲတောင်းပြီးတော့ အာဏာကို လွှဲပြောင်းရေးတွေ လုပ်ဆောင်ခဲ့ကြတယ်။ အခုကျတော့ ဒီမိုကရေစီနည်းအရ မဟုတ်ဘဲ ဘာလုပ်မှာ၊ ဘယ်လိုဖြစ်မှာဆိုတဲ့ သဘောမျိုးတွေ၊ အကန့်အသတ်တွေ ရှိတယ်။ အမှန်ကတော့ ဒီမိုကရေစီအစိုးရဆိုရင် ဒီမိုကရေစီကို အပြည့်အဝပေးပြီး ရွေးကောက်ပွဲ လုပ်သင့်တယ်။ အခု ကြေညာချက်တွေ ထောင်ကျနေရင် မဝင်ရဘူး၊ အဖမ်းခံရရင် မဲပေးလို့ မရဘူး။ အရွေးမခံဘူးဆိုတာတို့ ပါနေတယ်။ ဖဆပလ လက်ထက်တုန်းက ပမညတ က အမတ်တွေက ထောင်ကျနေတယ်။ ဒါပေမဲ့ သူတို့ကို လွှတ်တော်မှာ လာပြီးတော့ လွှတ်တော်တက်ခွင့် ပြုတာတွေ ရှိတယ်။ အခုဟာက ထောင်ကျရင် အလိုလို အရွေးခံခွင့်တို့၊ မဲပေးခွင့်တို့ မရတော့တဲ့ သဘော ရှိနေတယ်။ အဲဒီအတွက် ပြည်သူလူထုအနေနဲ့ စဉ်းစားပြီး ဆောင်ရွက်ဖို့ လိုတယ်''



ရဲဘော် ဖိုးသံချောင်း
ပြောရေးဆိုခွင့်ရှိသူ (ဗမာပြည် ကွန်မြူနစ်ပါတီ)

မေး။ စစ်အစိုးရက ထုတ်ပြန်တဲ့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥပဒေနဲ့ ပတ်သက်လို့ ဗမာပြည် ကွန်မြူနစ်ပါတီအနေနဲ့ ဘယ်လိုမြင်ပါသလဲခင်ဗျ။

''နအဖ က သူ့ရဲ့ ရွေးကောက်ပွဲ ဥပဒေကို တခုပြီးတခု ထုတ်လာတယ်။ ထုတ်လာတဲ့ ဟာတွေက ပစ်မှတ်တခုကို ဦးတည်ပြီးတော့ ပစ်တဲ့ သဘောကို တွေ့မြင်ရပါတယ်။ နအဖ ကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ပြောထားတဲ့ ဟာတွေ ရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က ဗိုလ်သန်းရွှေဆီ ပေးထားတဲ့ စာ၊ နောက်ပြီးတော့ အမျိုးသား ဒီမိုကရေအဖွဲ့ချုပ်က ထုတ်ပြန်ထားတဲ့ ရွှေဂုံတိုင် ကြေညာချက်၊ အဲဒီနှစ်ခုကို နအဖ က လုံးဝ လက်မခံဘူး၊ ပယ်ချလိုက်တယ်လို့ ကြေညာလိုက်တဲ့ အဓိပ္ပာယ် ဆောင်တယ်။ ဒီဥပဒေတွေနဲ့ ပတ်သက်ပြီးတော့ ပြည်တွင်းမှာ ရှိတဲ့၊ ပြည်ပမှာ ရှိတဲ့ နိုင်ငံခြားအင်အားစု နှစ်စုမှာ ပြောကြတဲ့ ဟာတွေ၊ ဥပဒေနဲ့ ပတ်သက်ပြီး ပြောကြတဲ့ သူတွေက တော်တော်လေးကို စုံနေပါပြီ။ ကျနော်တို့အနေနဲ့ ဖြည့်ပြီး ပြောစရာ မရှိတော့ပါဘူး''

''ဒါပေမဲ့ ကျနော်တို့ ပြောချင်တာ၊ ဖြည့်ချင်တာလေးတခုကတော့ ကျနော်တို့အားလုံး သတိရှိကြဖို့ ပြောချင်တာပါ။ နအဖ ဟာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ရုံးတွေ ဖွင့်ပေးပြီဆိုတာကို ပျော်ပျော်ရွှင်ရွှင်နဲ့ ရုံးတွေ ဖွင့်ကြ၊ အလုပ်တွေ လုပ်ကြဆိုတာက ကောင်းတဲ့ ကိစ္စပါ။ နအဖ က ဖွင့်ပေးတယ်ဆိုတာ ထောင်ချောက်တွေ ရှိနိုင်ပါတယ်။ ကျနော်တို့ အတွေ့အကြုံအရ - ၁၉၄၈ ခုနှစ်မှာ ကျနော်တို့ ပါတီကို ချေမှုန်းမယ် လုပ်တဲ့အခါမှာ၊ အင်္ဂလိပ် ချန်ထားခဲ့တဲ့ မှတ်တမ်းကို ကိုင်ပြီးတော့ ကွန်မြူနစ်ပါတီက တက်ကြွတဲ့ လူတွေ လိုက်ဖမ်းပြီးတော့ ပါတီကို နှိမ်နှင်းတာပါ။ နယ်တွေမှာ ရှိတဲ့ ကွန်မြူနစ် ပါတီဝင်တွေ အများကြီး အဖမ်းခံရတယ်။ အခုလည်းပဲ NLD ကို ထပ်ချေမှုန်းရေးအတွက် နအဖ ဟာ NLD ထဲမှာ ဘယ်သူတွေ တက်ကြွနေတယ်၊ ဘယ်သူတွေက ထိုင်သွားပြီးတော့ ရှင်းအောင်လုပ်တဲ့ ထောင်ချောက်တွေကို ထောင်နေတာ ဖြစ်နိုင်တယ်။ အဲဒါကို ကျနော်တို့အားလုံး သတိပြုကြပါ။ NLD တခုထဲကို ပြောတာမဟုတ်ဘူး၊ ကျန်တဲ့ နိုင်ငံရေး အင်အားစုတွေရောကို ကျနော်တို့ ပါတီရဲ့ အတွေ့အကြုံအရ သင်္ခန်းစာကို ဝေငှတဲ့ သဘော ပြောချင်ပါတယ်''

မေး။ ၂၀၁၀ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေထဲမှာပါတဲ့ ပုဒ်မတွေထဲက ပုဒ်မ ၆ နဲ့ ပုဒ်မ ၁ဝ မှာပါတဲ့ အချက်တွေနဲ့ ပတ်သက်ပြီးတော့ သဘောထားလေး ပြောပြပေးပါခင်ဗျ။

''သူများတွေ ပြောသွားတာ စုံပါတယ်။ ကျနော်တို့က သူတို့နဲ့ အမြင် တူပါတယ်၊ သဘောထား တူပါတယ်။ ရည်ရွယ်ချက်ရှိရှိနဲ့ နအဖ အစိုးရက လုပ်တာ ဖြစ်တယ်။ ပစ်မှတ်ရှိရှိနဲ့ ဒီဥပဒေကို ထုတ်တာ ဖြစ်တယ်။ အဖွဲ့အစည်းတခု၊ လူပုဂ္ဂိုလ် တဦးတယောက်ကို တိုက်ရိုက် ချိန်ရွယ်ပြီးတော့ ပစ်နေတာ ဖြစ်တယ်။ နာမည်ကို မခံဘဲနဲ့ ချိန်ပြီးတော့ ပစ်နေတာဖြစ်တယ်။ ဗမာပြည် နိုင်ငံရေးမှာ ထောင်နဲ့ ကင်းလို့ မရဘူး။ နအဖ လုပ်လာတဲ့ တလျှောက်လုံး၊ နအဖ မတိုင်ခင် ဖဆပလ လက်ထပ်တုန်းကစပြီး နိုင်ငံရေးလုပ်တဲ့ သူတွေ၊ ထောင်ထဲ ရောက်ကျတဲ့ သူတွေချည်းပဲ။ ဒီလို ပုဒ်မ တပ်ပြီး နိုင်ငံရေးလုပ်တဲ့ သူတွေ ဘယ်သူမှ ကျန်မှာ မဟုတ်ဘူး။ ဟိုအရင်ကဆိုရင် ထောင်ထဲကနေ ရွေးကောက်ပွဲဝင်ပြီးတော့ အရွေးခံတဲ့သူတွေ ကျောင်းသားအမတ်တွေတောင် ပေါ်ခဲ့တာ ဖြစ်တယ်။ ထောင်ထဲကနေ ကျောင်းသားအမတ်တွေက ရွေးကောက်ပွဲကို အရွေးခံတဲ့အခါမှာ သံယောဇဉ်ဖြစ်ပြီး မဲပေးလို့မို့ အမတ်ဖြစ်လာတာတွေ ရှိတယ်။ အခုခေတ်ကျတော့ ထောင်ထဲနေလို့ အမတ်ဖြစ်ဖို့ နေနေသာသာ နိုင်ငံရေးပါတီကနေ ထုတ်ပစ်ရမယ့် အနေအထား လုပ်ထားတာဟာ နအဖ အနေနဲ့ ဘယ်သူ့ကို ဦးတည်ပြီးတော့ လုပ်တယ်၊ ဘယ်အဖွဲ့အစည်းကို ဦးတည်ပြီး လုပ်တယ်ဆိုတာ သိပ်ရှင်းတယ်''

No comments:

Post a Comment