Tuesday, January 18, 2011

D..မို..က..ရေ..C


(၁)
တောင်းယူလို့လည်းမရ
တိုက်ယူလို့လည်းမရ
ကျင့်ယူမှ ရမယ့်အရာ။

ဒါပေမယ့် အဲဒီ့ ကျင့်ခြင်းမှာ
တောင်းတာရော
တိုက်တာရော
ကျင့်တာပါ ပါမယ်။

(၂)
သူ့နောက် သူလိုက်ရင်း
အရှိန်သတ်မရတတ်တဲ့ ဇာတ်ကောင်မှာ
သူ့ကိုယ်သူ သတ်သေတတ်တဲ့ သဘာဝလည်းရှိတယ်။

(၃)
ရေစီးကမ်းပြို စေတနာနဲ့
ပန်းမကြိုက်သူတွေရဲ့ခြံထဲမှာ
နှင်းဆီတွေ အတင်းသွားစိုက်ဖူးတယ်၊
ရိုက်လွှတ်မခံရတာ ကံကောင်း။

(၄)
ဂရိရာဇဝင်ကို ပြန်ကြည့်လိုက်တော့
မဲပုံးထဲက လျှံထွက်လာတဲ့ အမည်းတစက်
ဆိုကရေးတီး လက်ထဲက အဆိပ်ခွက်ပေါ့။

(၅)
ချီတက်ကြပါစို့
လက်ပါတဲ့ ကြီးနိုင်ငယ်ညှဉ်းဝါဒ ကနေ
သက်ညှာတဲ့ ကြီးနိုင်ငယ်ညှဉ်းဝါဒဆီသို့။

No comments:

Post a Comment