Thursday, December 2, 2010

ကရင် နယ်ခြားစောင့်တပ်အတွင်း အချင်းချင်း သဘောထား ကွဲပြားနေပြီး မတည်မငြိမ်မှုတွေ ဖြစ်ပေါ်နေ

သ၊ ၃ရက်၊ ဒီဇင်ဘာလ၊ ၂၀၁၀

ကရင်ပြည်နယ်အတွင်း ဒီကေဘီအေကနေ နယ်ခြားစောင့်အသွင်ပြောင်းသွားတဲ့ တပ်ဖွဲ့ဝင်များအတွင်းတွင် အချင်းချင်းသဘောထားကွဲပြားမှုများဟာ ပိုမိုနက်ရှိုင်းလာပြီး မတည်မငြိမ်ဖြစ်ပေါ်နေတယ်လို့ မြ၀တီမြို့အခြေစိုက် နယ်ခြားစောင့်တပ်အရာရှိတဦးရဲ့ ပြောပြချက်အရ သိရပါတယ်။

ကရင်နယ်ခြားစောင့် တပ်ဖွဲ့ဝင်များ
အဓိက သဘောထားကွဲရတဲ့အကြောင်းများကတော့ ငါးကြင်းဆီနဲ့ ငါးကြင်း ပြန်ကြော်နေတဲ့ နအဖရဲ့ ကရင်အချင်းချင်း ပြန်လည်တိုက်ခိုက်စေတာကနေ မြစ်ဖျားခံလာရတာလို့ အဲဒီအရာရှိကဆိုပါတယ်။

မြ၀တီမြို့ကို ဒီကေဘီအေ ဗိုလ်နှုတ်ခမ်းမွေးက နိုဝင်ဘာ ၇ရက်နေ့ တိုက်ခိုက်မှုအပြီး နအဖစစ်တပ်ကို ဆက်တိုက် ပြန်လည်တော်လှန်တိုက်ခိုက်နေမှုကို ဖြိုခွဲရန် နအဖအရာရှိတွေကနေ နယ်ခြားစောင့်တပ် ခေါင်းဆောင်တချို့ကို ဖိအားပေးခိုင်းစေလာတဲ့အပေါ် အောက်ခြေရဲဘော်တွေအကြား ခေါင်းဆောင်များကို မကျေမနပ်မှုတွေ ထပ်တိုးလာနေတယ်လို့လည်း စုံစမ်းသိရှိရပါတယ်။

လက်ရှိ နယ်ခြားစောင့်တပ်အဖွဲ့ဝင်အတွင်းတွင် ဒီကေဘီအေ နှုတ်ခမ်းမွေးအဖွဲ့နဲ့ ကေအဲန်ယူထံ ပြန်လည်ပူးပေါင်းမယ့်အခြေအနေတွေ ရှိလာသဖြင့် နအဖစစ်တပ်နဲ့ နယ်ခြားစောင့်တပ်ဖွဲ့ ခေါင်းဆောင်တချို့က စည်းကမ်းတင်းကြပ်ထားမှုတွေ ရှိနေပါတယ်။

ကရင်အချင်းချင်းတိုက်ပြီး သေတာထက် နအဖကို တိုက်ပြီး အသေခံတိုက်တာက ပိုပြီး မွန်မြတ်တယ်လို့ နယ်ခြားစောင့်တပ်တွေကြားထဲမှာ ပြောဆိုနေကြသလို ကော့ကရိတ်တောင်ပိုင်းမှာ နအဖတပ်နဲ့အတူ အသေခံသွားခဲ့ရတဲ့ မြတ်ခိုင်ရဲ့ နယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေ အဖြစ်မျိုး ထပ်ပြီး အဖြစ်မခံနိုင်ကြောင်းလည်း နယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေထဲတွင် ကျယ်ကျယ်ပြန့်ပြန့် ပြောဆိုနေကြပါတယ်လို့ အဆိုပါအရာရှိကပဲ ဖုန်းထဲကနေ ပြောဆိုသွားပါတယ်။။

လက်ရှိ မြ၀တီမြို့မှာတော့ နအဖအရာရှိတွေနဲ့ ချစ်သူရဲ့ စေခိုင်းချက်အရ ချစ်သူလူယုံ ဗိုလ်ကတုံးကိုယ်တိုင် နယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေကို ထိန်းချုပ်နိုင်ရန် အနီးကပ်စောင့်ကြည့်ကာ ကြီးကြပ်နေတယ်လို့ နောက်ဆုံးအခြေအနေအရ သိရပါတယ်။

No comments:

Post a Comment