Wednesday, December 29, 2010

ခရစ္စမတ် အလွမ်း

စောင်းနေတဲ့ ကမ္ဘာကြီးရဲ့ တခြမ်းပဲ့အသည်းနဲ့
စနစ်တကျ မထမ်းနိုင်တော့တဲ့
ခရစ္စမတ် အလွမ်း
အေးစက်စက်မျက်လုံးနဲ့ ဆောင်းက ဟန်မဆောင်နိုင်ပဲ
နှင်းစက်တွေကို မျက်ရည်အဖြစ် သွန်ချနေတယ် ။

မိုင်းထိထားတဲ့ ခြေတစ်ဖက်ပြတ်နဲ့
မိုင်းကွင်းကို ထပ်ဖြတ်ပြီး
မသေမရှင်ဖြစ်နေတဲ့ ကျေးလက်
ဘ၀များလေဖြတ်သလို မလှုပ်မယက်
မီးရှို့ခံထားရတဲ့ ပြာပုံပေါ်မှာ
ခရစ္စမတ်ဟာ အရင်လို လူမစုံတော့ဘူး။

ရိုးရာဝတ်စုံကို
ကျောက်ပတ်တီးလို စီးထားတဲ့ ကျေးလက်
သွေးထွက် မတိတ်သေးဘူး ၊
စစ်လက်နက်ကြီးဒဏ် နဲ့ လောကဓံကို
တိုက်ကြက်တစ်ကောင်လို ခံခွပ်တယ် ၊
ရိုးသားမှုများ အရိုးပေါ်အရေတင် ငတ်ပြတ်
တောအရက်မူးပြီး ရမ်းသလို
စစ်က ကြမ်းတမ်းလဲ
အလင်းမဲ့ ဘ၀လမ်းပေါ်က မီးထိန်ထိန် ခရစ္စမတ်ကို လွမ်းတယ် ။

ကွမ်းစားပြီး ထွေးထုတ်သလို
ရိုးရာဘာသာစကားများ ပျောက်ကွယ်၊
ယဉ်တိုက်မှုနဲ့ ဒဏ်ရာရသလို
ယဉ်ကျေးမှုများ နာကျင် ၊
မသေချာတဲ့ အနာဂတ်ကို
ပေါ်တာတစ်ယောက်လို ထမ်းပိုးထားကြတယ် ။

ခရစ်တော်တောင် လက်ဝါးကပ်တိုင်မှာ
ပြင်းထန်တဲ့ ဝေဒနာ ခံစားခဲ့ရသေးရင်
သာမန်လူသားများရဲ့ ဘ၀ဒုက္ခ ဝေဒနာနဲ့
ခရစ္စမတ် အိမ်အလွမ်း ဒဏ်ရာကို
ငြိမ်းချမ်းရာရှာရင်း ဖြေသာသလို ဖြေနေတယ် ။

No comments:

Post a Comment