Thursday, November 11, 2010

တောင်ဥက္ကလာတွင် မဲ ပြန်ရေတွက်ပြီးနောက် ရလဒ် ပြောင်းပြန်ထွက်(စစ်ခွေးတွေရဲ့ အလိမ်ပေါ်)

တောင်ဥက္ကလာပ မဲဆန္ဒနယ်ရှိ လွှတ်တော်အသီးသီးအတွက် ဆန္ဒမဲများ ပြန်လည်ရေတွက်နေကြောင်း ယင်းနယ်မြေ လွှတ်တော် ကိုယ်စားလှယ်လောင်းများ ဖြစ်သော ဒေါက်တာ စောနိုင်နှင့် ဒေါ်ကမ်းခန့်ဒိမ်း တို့က ပြောကြားသည်။
အတိုက်အခံ ပါတီများ၏ ကန့်ကွက်မှုကြောင့် ထိုကဲ့သို့ ပြန်လည် ရေတွက်ခြင်း ဖြစ်ပြီး နောက်ဆုံးရလဒ်များအရ တိုင်းဒေသကြီး လွှတ်တော်တွင် တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ဒေါက်တာ စောနိုင်နှင့် အမျိုးသားလွှတ်တော်တွင် တောင်ဥက္ကပလာပနယ် ကိုယ်စားလှယ်လောင်း အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီမှ ဦးဖုန်းမြင့်အောင် တို့ ပြန်လည် အနိုင်ရရှိသွားကြောင်း နိုဝင်ဘာ ၈ ရက်နေ့ည ၉ နာရီအချိန်ခန့်တွင် ၎င်းတို့ကို ဆက်သွယ် မေးမြန်းချက်များအရ သိရသည်။
အဆိုပါ မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် တွင်မူ မဲပြန်လည် ရေတွက်သော်လည်း ကြံ့ခိုင်ရေး ပါတီမှ ဦးအောင်သိန်းလင်းသာ အနိုင်ရရှိ သွားကြောင်း သိရသည်။
" ညသန်းခေါင် ဆန္ဒမဲတွေ ရေပြီးတုန်းက မဲ ၆၀၀ ကျော် အသာရတယ်။ မနက်ပိုင်းကျတော့ ၁၄၅ နဲ့ ရှုံးတယ်ဆိုပြီး အကြောင်းကြားတယ်။ တရားနည်းလမ်း မကျတဲ့အတွက် ကန့်ကွက်စာ တင်လိုက်တယ်" ဟု ရန်ကုန်တိုင်း ဒေသကြီး တောင်ဥက္ကလာပ မဲဆန္ဒနယ် အမှတ် (၁) တွင် ဝင်ရောက် ယှဉ်ပြိုင်သည့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ် ဒေါက်တာ စောနိုင်က ပြောကြားသည်။
နောက်ဆုံးရရှိသော သတင်းများအရ ရန်ကုန်မြို့တော်ဝန် ဦးအောင်သိန်းလင်း နှင့်အတူ အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ရသော အမျိုးသား ဒီမိုကရေစီ အင်အားစုမှ ဒေါ်ကမ်းခန့်ဒိမ်းမှာ အနိုင်မရရှိခဲ့သော်လည်း ဒေါက်တာစောနိုင်နှင့် တောင်ဥက္ကလာ၊ သင်္ဃန်ကျွန်း၊ ရန်ကင်း မြို့နယ်များကို ကိုယ်စားပြုသော အမျိုးသားလွှတ်တော် မဲဆန္ဒနယ် (၃) မှ NDF ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင် ကိုမူ အနိုင်ပေးလိုက်ကြောင်း ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်းများက ပြောကြားသည်။
တောင်ဥက္ကလာပ မြို့နယ်တွင် ယခုကဲ့သို့ ဆန္ဒမဲများ ပြန်လည်ရေတွက်သည့် ဖြစ်စဉ်ကြောင့် အမျိုးသား ဒီမိုကရေစီ အင်အားစု အပါအဝင် ဒီမိုကရက်တစ် နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်လောင်းများ အငြင်းပွားဖွယ်ရာ ရှုံးနိမ့်ခဲ့ရသော မဲဆန္ဒနယ်မြေများတွင် ပြန်လည်ရေတွက်ရန် ဆန္ဒရှိကြောင်း ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်းများက တစ်ညီတစ်ညွတ်တည်း ပြောကြားသည်။

No comments:

Post a Comment