Thursday, November 11, 2010

နအဖ စစ်အုပ်စု၏ စတုတ္ထ မြန်မာ့ စစ်အင်ပါယာ စီမံကိန်းနှင့် ကျွန်ုပ်တို့၏ အနာဂါတ်

တိုင်းရင်းသား ခေါင်းဆောင်များ အားလုံးအနေဖြင့် မိမိတို့၏ ပြည်သူများ အနာဂါတ်ကို အထူးစိုးရိမ်မှု ရှိကြလိမ့်မည်ဟု မျှော်လင့်ပါသည်။ အမှန်ပင် ဗမာမဟုတ်သော ကျွန်ုပ်တို့ အမျိုးသားများအတွက် ယခုလို သွားနေကျ ပုံစံဖြင့် ရှေ့ကို ဆက်သွားကြမည်ဆိုလျှင် အနာဂါတ် မရှိ ဖြစ်သွား နိုင်ပါသည်။ ကျွန်ုပ်တို့ တိုင်းရင်းသား လူမျိုးများ ဘ၀လုံခြုံရေး၊ ရှင်သန်ရေးနှင့် တည်တံ့ရေး အတွက် ကျွန်ုပ်တို့ ရုံးကန် တိုက်ပွဲ ၀င်မှု နည်းလမ်းသစ်များကို ရှာဖွယ်ရန် လိုအပ်လာသည်။ ကျွန်ုပ်တို့၏ တိုက်ပွဲဝင် စစ်မြေပြင်တိုင်းကို ပြန်လည် သုံးသပ်ရန် လိုအပ်လာသည်။ ကျွန်ုပ်တို့ အနေဖြင့် ကျွန်ုပ်တို့၏ ဘုံရပ်တည်ချက်နှင့် ဘုံလုပ်ငန်းများကို အခိုင်အမာ သတ်မှတ်ဖို့ လိုအပ်လာသည်။

ယနေ့ မိမိတို့ အမျိုးသားထဲကရော နိုင်ငံတကာကပါ လေ့လာေ စာင့်ကြည့် နေကြသူများက နအဖ၏ မဟာဗျူဟာသည် ပြောင်းလဲမှု လုံးဝ မရှိသည်ကို မြင်နေကြသည်။ အဘယ့်ကြောင့် သူတို့ စစ်မျက်နှာတိုင်းတွင် အလွန် ခေါင်းမာနေကြ ရသနည်း။ (၂၀၁၀) ရွေးကောက်ပွဲ နောက်ပိုင်းမှာလည်း ယခုကဲ့သို့ ဆက်လက် ခေါင်းမာ နေကြ ဦးမည်လား။ ပိုမို ဆိုးဝါး ပြင်းထန်လာမည့် အခြေအနေတွင် ရှိနေပါသည်။ နအဖသည် (၂၀၁၀) ရွေးကောက်ပွဲဖြင့် သူတို့၏ စစ်မြေပြင် အသစ်ကို ဖန်တီးနေသည်။ ပါလီမန်တွင်း တိုက်ပွဲ ပြင်းထန်လာလျှင် ပါလီမန်အတွင်း မသမာမှုများ၊ မတရား ဖိနှိပ်မှုများ၊ လူ့အခွင့်အရေး ချိုးဖေါက်မှုများ ပိုမို ပြင်းထန်လာမည်။ ဤသို့ ဖြစ်ရခြင်းမှာ နအဖသည် စစ်ရေးအရ အပေါ်စီး ရနေမှုကြောင့် ဖြစ်သည်။

(၁၉၉၃) ခုကပင် ယနေ့ထိ စစ်ရပ်စဲရေး ကာလ တလျှောက်လုံး သူတို့၏ လက်နက်ကိုင် တပ်မတော်များကို ခေတ်မီ စစ်အင်္ဂါများဖြင့် တပ်ဆင်ထားသည်။ တပ်ဆင်နေသည်။ ခေတ်မီ တပ်မတော် ဖြစ်ရေးအတွက် ခေတ်မီ ဆက်သွယ်ရေးစနစ်ကို နိုင်ငံတ၀ှမ်း ဖြန့်ကြက် တပ်ဆင် ထားသည်။ နျုကလီယား လက်နက်များနှင့် တိုက်ချင်းပစ် ဒုံးကျည်များ ထုတ်လုပ်ရေးကိုလည်း စိုင်းပြင်းနေသည်။ ကာကွယ်ရေးအတွက် ဗမာ နယ်မြေအ၀ှမ်း မြေအောက် ဥမင် လှိုဏ်ခေါင်းကြီးများနှင့် ကတုတ်ကျင်းများ တည်ဆောက်နေသည်။ ထောင်နှင့် ချီ၍ သင်တန်းသားများကို ရုရှား၊ တရုတ်၊ မြောက်ကိုရီးယားနှင့် ဂျပန် နိုင်ငံများသို့ (၂၀၀၃) ခုကပင် နျုကလီယား ဓါတ်ပေါင်းဖိုနှင့် နျုကလီယား သိပ္ပံ၊ ဒုံးယာဉ် ထိန်းကျောင်းပညာ၊ လေကြောင်းနှင့် အာကာသပညာ၊ ဂြိုလ်တုသယ် ဒုံးယာဉ်ပညာ၊ ယူရေနီယံ တူးဖေါ် သန့်စင်ရေးနှင့် အသွင်ပြောင်းရေး ပညာတို့အတွက် ပို့ထားပြီးဖြစ်သည်။

နအဖဖက်မှ ကွန်ပျူတာခေတ်နှင့်အညီ စစ်ရေးဆိုင်ရာ ခေတ်မှီရေး စီမံကိန်းဖြင့် မိမိတို့ တပ်ဖွဲ့များကို စိတ်ဓါတ်နှင့် နည်းပညာ မြှင့်တင် နေချိန်တွင် မိမိတို့ တိုင်းရင်းသားများ၏ ခုခံရေး အင်အားစုများမှာမူ မိမိတို့၏ ရိုးရာအစဉ်အလာ အတိုင်း ဆက်လက် ဆင်နွဲ နေကြရတုံး ဖြစ်သည်။ နအဖ စစ်အုပ်စုမှာကား စတုတ္ထ ဗမာ့စစ်အင်ပါယာ ကို တင်းတင်း ကျပ်ကျပ် ချုပ်ကိုင် ထားနိုင်အောင် ကွန်ပျူတာ နည်းပညာများ အကူအညီဖြင့် ခေတ်မှီ တပ်မတော်ကြီးကို တည်ဆောက် နေသည်။ နိုင်ငံတော် ဘားဂျပ်၏ (၄၀) မှ (၆၀) ရာခိုင်နှုန်း ထိကို “ကာကွယ်ရေး ဘားဂျပ်” အဖြစ် အသုံး ပြုနေသည်။

ဤအဖြစ်မျိုး (၁၉၄၈-၅၈) နှစ်များ ကာလက ကြုံခဲ့ကြပြီး ဖြစ်သည်။ ဗမာ့ တပ်မတော် အတွင်းရှိခဲ့သော ပြည်ထောင်စု တပ်ဖွဲ့ဝင် တိုင်းရင်းသား တပ်မတော်များကို နည်းအမျိုးမျိုးဖြင့် ဖြိုဖျက်လိုက်ပြီး ဗမာ စစ်ဗိုလ်များ ထိန်းချုပ်ရေးကို အကောင်အထည် ဖေါ်ခဲ့ ကြသည်။ ဤသည်မှာ ပင်လုံ စာချုပ်အရ (၁၀) နှစ်အကြာတွင် ခွဲထွက်လိုက ခွဲထွက်ခွင့် ရှိသည် ဆိုသည့် ပြည်ထောင်စုပြု တိုင်းရင်းသားများ၏ နိုင်ငံရေး သဘောတူ ညီချက်ကို အကောင်အထည် မဖေါ်နိုင်ရန်နှင့် မဟာ လူမျိုးကြီးဝါဒီ ဗမာ နိုင်ငံရေး သမားများက ပြည်ထောင်စု အာဏာကို ဆက်လက် ထိန်းချုပ်ထားနိုင်ရန် စစ်ရေးအရ ကြိုတင် လက်ဦးမှု ယူခဲ့ခြင်း ဖြစ်သည်။

ယခုလည်း စစ်ရပ်စဲထားသော ငြိမ်းအဖွဲ့ CFGs များကို BGF တို့၊ ပြည်သူ့စစ်တို့ အသွင်ပြောင်း နေခြင်းသည် တိုင်းရင်းသား အမျိုးသားများ၏ နိုင်ငံရေးရပိုင်ခွင့် တိုက်ပွဲကို ပိတ်ပင်လို၍ ဖြစ်သည်။ စစ်ရေးအရ ဗမာ့တပ်မတော် တခုတည်းသာ ရှိရမည်။ ဗမာ မဟုတ်သော တခြား တိုင်းရင်းသား အမျိုးသားများ၏ နိုင်ငံရေးနှင့် အမျိုးသားဘ၀ လုံခြုံရေးအပြင် မိမိတို့၏ ရပိုင်ခွင့်များကို ခုခံ ကာကွယ်မည့် တပ်မတော် ထားခွင့် မရှိသည့် သဘောဖြစ်သည်။ ဤသည် တိုင်းရင်းသား အမျိုးသားများ၏ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီး ဆုံးဖြတ်ပိုင်ခွင့်နှင့် နိုင်ငံရေးအာဏာ တန်းတူ ခွင့်ကို ပိတ်ပင်လိုခြင်းလည်း ဖြစ်သည်။

ခောတ်မှီ တပ်မတော် တည်ဆောက်ရေးသည် စစ်တပ် ထိန်းချုပ်သည့် “စတုတ္ထဗမာစစ်အင်ပါယာ” တည်ဆောက်ရေး၏ အခြေခံတည် ဆောက်မှု ဖြစ်သည်။ နအဖ၏ နျုကလီယားစီမံကိန်းသည် ကျွန်ုပ်တို့ ဗမာမဟုတ်သော အမျိုးသားများအတွက် သေရေး ရှင်ရေး ပြဿနာ ဖြစ်သည်။ အနာဂါတ်တွင် စစ်မှန်သော ဖယ်ဒရယ် တည်ဆောက်ရေးကို မျှော်မှန်းထားကြသော ကျွန်ုပ်တို့၏ လူ့အခွင့်အရေး၊ ဒီမိုကရေစီအရေး၊ ကိုယ့်ကြမ္မာ ကိုယ် ဆုံးဖြတ်ပိုင်ခွင့် ရရှိရေး၊ နိုင်ငံရေးအရ တန်းတူရေး တောင်းဆိုသံများ တိတ်ဆိပ်ကောင်း တိတ်ဆိပ် သွားစေမည် ဖြစ်သည်။

ဗမာ့ ဒီမိုကရေစီရေး လှုပ်ရှားသူများ အတွက်မူ အမျိုးသားရေး လက္ခဏာ အန္တရာယ် မရှိသော်လည်း သူတို့၏ ဒေသ၌ နိုင်ငံရေး ရေခံ မြေခံများ ဆုံးရှုံး သွားနိုင်သည်။ ဗမာမဟုတ်သော ကျွန်ုပ်တို့ အမျိုးသားများ အတွက်မူ မိမိတို့ဒေသ၌ နိုင်ငံရေး အရရော၊ ခုခံစစ် အရပါ ရေခံ မြေခံများ ဆုံးရှုံးရုံမက အမျိုးသားဘ၀ တည်တံ့ ရှင်သန်ရေးပင်လျှင် လုံးဝ အာမခံ မရှိ ဖြစ်သွားမည်။ ယနေ့ထိတိုင် ကျွန်ုပ်တို့ ဘ၀တူ အမျိုးသားများ၌ ခိုင်မာသည့် မူလမ်းစဉ်နှင့် တိကျသည့် လုပ်ငန်းစဉ်အတွက် ဘုံနိုင်ငံရေး အစီအမံနှင့် ဘုံစစ်ရေး အမိန့်ပေးဌာန တခု မရှိနိုင်သေး။

ဂျိန်း ထောက်လှမ်းရေး သုံးသပ်ချက် စာစောင်၏ ဂျူလိုင် (၂၁) ရက် ထုတ်ပြန်ချက်တွင် “နအဖသည် ကျွမ်းကျင်သူ အကန့်အသတ်ဖြင့် နျူကလီယား ရည်မှန်းချက် ပြင်းပြနေသည်”ဟု ထောက်ပြ ထားသည်။ “လက်ရှိ ပိတ်ဆို့မှုများမှ ကင်းလွတ်ပြီး စီးပွားရေး ကြွယ်ဝမှု တိုးတက်ခဲ့လျှင် စစ်အုပ်စုအနေဖြင့် ပြင်ပမှ နည်းပညာ ကျွမ်းကျင်မှုနှင့် သူတို့၏ ရည်မှန်းချက်ဆီသို့ မျှော်မှန်း ထားသည်ထက် စော၍ ရောက်ရှိ နိုင်သည်”ဟု စာစောင် အယ်ဒီတာ Christian Le Mière က ဆို သည်။ “တဦးဦးက ကူညီမည်ဆိုလျှင် ဤအချက်သည် စိုးရိမ်ရသည်။” ဟု ယခင် ကုလသမဂ္ဂ လက်နက်ဖက်ဆိုင်ရာ အင်စပတ်တာနှင့် ယခု ဗာဂျီးနီးယားနိုင်ငံ အာလိမ်တင်ရှိ ပေါ်လစီ ရေးရာ လေ့လာရေး ပိုတိုမတ်ကျောင်းမှ David Kay က တွေ့ဆုံ မေးမြန်းခန်းတခုတွင် ပြောခဲ့သည်။ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဟေလာရီ ကလိန်တင် ကလည်း “မြန်မာတဦးတည်း အနေဖြင့် ဤအစီအစဉ်ကို အကောင်အထည် ဖေါ်ရန် မဖြစ်နိုင်ပေမဲ့ နျူကလီယား နည်းပညာများကို ပြောင်းရွှေ့ ယူနိုင်ခြင်းနှင့် အာရှတွင် အလျှို့ဝှက်ဆုံး နိုင်ငံ နှစ်နိုင်ငံ၏ စစ်ရေး ဆိုင်ရာ လျှို့ဝှက် ပူးပေါင်း ဆောင်ရွက်နေမှု ညွှန်ပြချက်များက ကျွန်ုပ်တို့ အဖို့ စိုးရိမ် ရသည်” ဟု ဆိုသည်။

အထက်ပါ ထင်မြင်ချက်များကို ထောက်လျှင် န၀တ စစ်အုပ်စုသည် မကြာမီ ကာလတခုတွင် နျူကလီယား လက်နက်ပိုင်ရှင် ဖြစ်မလာဟု မည်သူမှ မပြောနိုင်။ ဤကြားကာလတွင် အကယ်၍ လူ့အခွင့်အရေးနှင့် ကမ္ဘာ့ဒီမိုကရေးစီကို ကာကွယ် နေသူများ၏ အကူအညီဖြင့် မိမိတို့ ဘ၀ကိုမိမိတို့ မကယ်တင်နိုင်ဆိုပါက လူမျိုးပေါင်းစုံ နေထိုင်သော ပြည်ထောင်စု မြန်မာနိုင်ငံ လူ့ အဖွဲ့အစည်းသည် နိုင်ငံတော် အကြမ်းဖက် စစ်အုပ်စု (state terrorist regime) ၏ ဖိနှိပ်မှု အောက်တွင် ပျက်ပြိုကောင်း ပျက်ပြို သွားရမည် ဖြစ်သည်။ ဤလူ့အခွင့်အရေးနှင့် ဒီမိုကရေစီ ဖက်တော်သားများက နိုင်ငံဆိုး (rogue state) စာရင်းဝင် ဗမာပြည်ကို မပြောင်းလဲ နိုင်ခဲ့လျှင် နျူကလီယား လက်နက်ပိုင်ဆိုင်ရေး ပြိုင်ပွဲ ကတဆင့် ဒေသဆိုင်ရာ မတည်ငြိမ်မှု ဖြစ်လာနိုင်ရုံမက ဒီမိုကရေစီ စနစ် မရင့်ကျက်သေးသော နိုင်ငံတချို့တွင် နအဖ၏ စစ်အာဏာရှင် စနစ်ကို နမူနာ ယူလာ နိုင်သည်။

ကျွန်ုတို့၏ အနာဂါတ်သည်ကား မသေချာ မရေရာသည့် အဆင့်တွင် ရှိနေသည်။ အကယ်၍ ကျွန်ုပ်တို့၏ လက်ရှိ ညီညွတ်မှုကို ပိုမို သွေးစည်း ခိုင်မာသော ပိုမို သစ္စာရှိသည့် နိုင်ငံရေး၊ စစ်ရေး ချည်နှောင်မှုများ အဆင့်သို့ ပြောင်းလဲ မယူနိုင်လျှင် ကျွန်ုပ်တို့၏ အမျိုးသား လက္ခဏာများ ပျောက်ကွယ် သွားနိုင်သည်။ ကျွန်ုပ်တို့၏ နိုင်ငံရေး ရပိုင်ခွင့် တောင်းဆိုသံများလည်း တဖြေးဖြေး ပျောက်ကွယ် သွားနိုင်သည်။ အကယ်၍ စစ်အုပ်စုကသာ နိုင်ငံတော် အာဏာကို နောက် (၁၅) နှစ်ခန့် ဆက်လက် ထိန်းထားနိုင်ပြီး သူတို့၏ နျူကလီယား အစီအစဉ် အောင်မြင် လာလျှင် အဖိနှိပ်ခံ ဗမာပြည်သူများနှင့် ပြည်ထောင်စုပြု တိုင်းရင်းသားများ၏ လူ့အခွင့်အရေး၊ ဒီမိုကရေစီရေး၊ လွတ်မြောက်ရေး တိုက်ပွဲသံများ လုံးဝ တိတ်ဆိတ် သွားနိုင်သည်။

ကြိုတင် ပြောနိုင်သည်မှာ မဟာလူမျိုးကြီး ၀ါဒီ ဗမာစစ်အုပ်စု၏ စတုတ္ထ ဗမာ့ စစ်အင်ပါယာ အောက်တွင် ဗမာမှုပြုခြင်း (Burmanization) အောင်ပွဲ ခံသွားမည်။ ကျွန်ပုန်း ကိုလိုနီများ (Hidden colonies) (၀ါ) ပြည်ထောင်စုပြု တိုင်းရင်းသား အမျိုးသားများ၏ အမျိုးသားဘ၀ ဆိတ်သုဉ်း သွားနိုင်သည်။ နောက်ဆုံး ကျွန်ုပ်တို့ မျှော်မှန်းထားကြသော စစ်မှန်သော “ဖယ်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး” သည်လည်း ပျက်စီး သွားရမည် ဖြစ်သည်။ ဤသို့ဆိုလျှင် ကျွန်ုပ်တို့ ဘာလုပ် ကြမည်နည်း။

ဗမာ့ ဒီမိုကရေစီ ဖက်တော်သားများနှင့် ကျွန်ုပ်တို့ တိုင်းရင်းသား အမျိုးသားများ၏ ချက်ချင်း ပက်ပင်းတာဝန်မှာ စစ်အုပ်စု၏ တပ်မတော် တိုးချဲ့ရေးနှင့် နျူကလီယား၊ တိုက်ချင်းပစ်ဒုံးပျံများ ထုတ်လုပ်ရေး စီမံကိန်းအတွက် သုံးစွဲနေသော နိုင်ငံတော် ဘားဂျပ်များကို လုံးဝ လျော့ချပြီး ဤစစ်ရေး တိုးချဲ့ စီမံကိန်းများကို မည်သို့ ရပ်တန့်အောင် တားဆီးမည်နည်း ဆိုသည့် တာဝန်ပင် ဖြစ်သည်။ စစ်ရေး တိုးချဲ့မှု စီမံကိန်းသည် စစ်ရေးဆိုင်ရာ အသာစီးရရေးနှင့် “နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရေး”ကို ပစ်ပါယ်လိုက်ခြင်း ဖြစ်သည်။ တခြား တဖက်တွင် အတိုက်အခံများ၏ နိုင်ငံရေးအရ တောင်းဆိုနေမှုများကို စစ်ရေးအရ စိန်ခေါ်လိုက်ခြင်းလည်း ဖြစ်သည်။ စစ်အုပ်စု၏ ဤစစ်ရေး စီမံကိန်းများကို တားဆီးရန် နိုင်ငံတကာနှင့် ပူးပေါင်း ဆောင်ရွက်မှုကို ရှာဖွယ် ကြရမည်။ ဤသို့ ရှာဖွယ်ရာ၌ ကျွန်ုပ်တို့၏ ညီညွတ်မှုသည် သော့ချက် ဖြစ်သည်။

ကျွန်ုပ်တို့တွင် နိုင်ငံရေးအရရော၊ စစ်ရေးအရပါ ခိုင်မာသော ညီညွတ်မှု ရှိရန်လိုသည်။ ကျွန်ုပ်တို့ အားလုံး ဤနိုင်ငံရေး၊ စစ်ရေး နှစ်ခု လုံးသော မဟာဗျူဟာ ရေးရာများကို ပြန်လည် သုံးသပ်ကြရမည်။ ကျွန်ုပ်တို့ အားလုံး တဦးကိုတဦး ခိုင်မာသော ယုံကြည်မှုရှိရန် လိုသည်။ အပြောထက် အလုပ်အားဖြင့် ရိုးသားသော ညီညွတ်မှုကို တည်ဆောက် ရမည်။ ကျွန်ုပ်တို့တွင် ဖြစ်ရိုး ဖြစ်စဉ်အတိုင်း ပြောရလျှင် ဘုံနိုင်ငံရေး မဟာဗျူဟာ တရပ်အောက်၌ ဘုံဗဟို စစ်အမိန့်ပေး ဌာနတခုကို တည်ဆောက် ရမည်။ အကယ်၍ ဘုံနိုင်ငံရေး မဟာဗျူဟာ တရပ်ကို မချမှတ် နိုင်သေးသည့်တိုင် ဘုံရန်သူကို ရင်ဆိုင်ရန် ဘုံ စစ်အမိန့်ပေးဌာန တခုကိုကား ချမှတ်နိုင်ရမည်။ ဤမှတဆင့် ဖြစ်နိုင်သည့် ပြည်တွင်းနှင့် နိုင်ငံတကာ ထောက်ကူမှုများ ရရှိရေးကို ကြိုးစားကြရမည်။ ကျွန်ုပ်တို့၏ ခုခံစစ် လှုပ်ရှားမှုကြီး တခုလုံးအတွက် အဓိက သော့ချက်များဖြစ်သည့် နိုင်ငံရေး၊ စစ်ရေး၊ ဘဏ္ဍာရေး ဆိုင်ရာ အကူအညီများ ရရှိရေးကို ဤညီညွတ်အားနှင့် စုပေါင်း ရှာဖွယ် ကြရမည်။ ကျွန်ုပ်တို့ကိုယ်တိုင် ဖယ်ဒရယ်အစိုးရနှင့် ဖယ်ဒရယ် တပ်မတော် တည်ဆောက် နိုင်ရေးကို စီမံကိန်းရှိရှိ အဆင့်ဆင့် ဖန်တီးကြရမည်။

အခြားတဖက်တွင် နိုင်ငံတကာ အသိအမှတ်ပြုမှု၊ ထောက်ခံမှု၊ ပူးပေါင်း ဆောင်ရွက်မှုဆိုသည် ကျွန်ုပ်တို့၏ ညီညွတ်မှု အပေါ်တွင် ဗဟိုပြု နေသည်။ ညီညွတ်မှု ဆိုရာ၌ ပထမအဆင့် အနေဖြင့် တိုင်းရင်းသား အမျိုးသားများအကြား ညီညွတ်ရေး၊ ဒုတိယအနေဖြင့် ကျွန်ုပ်တို့ တိုင်းရင်းသား အမျိုးသားများ တပ်ပေါင်းစုနှင့် ဗမာ ဒီမိုကရေစီ အင်အားစုများ တပ်ပေါင်းစုအကြား ညီညွတ်ရေး၊ အကယ်၍ ကျွန်ုပ်တို့ အနေဖြင့် ဤသို့ အတိုက်အခံများ၏ ညီညွတ်ရေးကို သစ္စာရှိရှိ မတည်ဆောက်နိုင်လျှင် နိုင်ငံတကာ၏ အလေးထားမှုလည်း ဖြစ်လာ နိုင်မည် မဟုတ်ပေ။ ဤ တည်ဆောက်မှုကို စေတနာ မှန်မှန်ဖြင့် အထူးရိုးသား၊ အထူး သစ္စာရှိပြီး အထူး ယုံကြည်မှုဖြင့် ကြိုးစား ကြရမည် ဖြစ်သည်။ ဤညီညွတ်မှုကို (၃) နှစ်အတွင်း (အကြာဆုံး ၅-နှစ်အတွင်း) တည်ဆောက် နိုင်ရမည်။

ဗမာ ဒီမိုကရေစီ အင်အားစုများ အနေအထားက ကျွန်ုပ်တို့နှင့် မတူပေ။ သူတို့၌ အမျိုးသား တည်တံ့ရေးအတွက် စိုးရိမ်စရာမရှိ။ သို့ဖြစ်၍ ဖြစ်နိုင် သမျှသော ပြည်ထောင်စုပြု တိုင်းရင်းသား အမျိုးသားများအနေဖြင့် ကျွန်ုပ်တို့၏ ခိုင်မာသော ညီညွတ်မှုကို နိုင်ငံရေး၊ စစ်ရေး၊ စည်းရုံးရေး မျက်နှာစာ တိုင်းတွင် ပထမ တည်ဆောက် နိုင်ရမည်။

ဗမာ့ ဒီမိုကရေစီ အင်အားစု အများစုအနေဖြင့် လက်ငင်း ပြဿနာဖြစ်သည့် ရွေးကောက်ပွဲကို အာရုံ စူးစိုက်နေရသည်။ သူတို့၏ ဦးတည်ချက်မှာ စစ်အာဏာရှင် စနစ်အောက်မှ ဖြစ်နိုင်သမျှသော ဒီမိုကရေစီစနစ် အသွင်ပြောင်းရေး ဆီသို့သာ ဖြစ်သည်။ ခေတ်မှီ စစ်ရေး တည်ဆောက်မှုသည် များသောအားဖြင့် သူတို့၏ အမျိုးသားရေး အကျိုးစီးပွား ဖြစ်နေသည်။ အခြားတဖက်တွင် ဤ ဒီမိုကရေစီ အသွင် ပြောင်းရေးသည် စစ်အုပ်စု၏ နျူကလီယား စီမံကိန်းကို အဟန့်အတား ဖြစ်နိုင်သည်ဟု ယူဆသဖြင့် (၂၀၁၀) ရွေးကောက်ပွဲကို အပိုင်စီးရန် နအဖ ကြိုးစားနေခြင်း ဖြစ်ကောင်း ဖြစ်နိုင်သည်။

ကျွန်ုပ်တို့ တိုင်းရင်းသား အမျိုးသားများ၏ မဟာဗျူဟာမှာ မိမိတို့၏ မွေးရာပါ အခွင့်အရေး ဖြစ်သည့် လူ့အခွင့်အရေး၊ ဒီမိုကရေစီရေး၊ ကိုယ့် ကြမ္မာ ကိုယ် ဆုံးဖြတ် ဖန်တီးပိုင်ခွင့်နှင့် နိုင်ငံရေးအရ တန်းတူရေး ဖြစ်သည်။ ဤ ရပိုင်ခွင့်များသည် တိုင်းရင်းသား အမျိုးသားများ၏ ဘ၀လုံခြုံရေး၊ ရှင်သန်ရေး၊ တည်တန့်ရေးအတွက် သော့ချက်လည်း ဖြစ်သည်။ ယင်း အတွက်ကြောင့် ကျွန်ုပ်တို့အနေဖြင့် နိုင်ငံရေး၊ စစ်ရေး ပေါ်လစီများကို ပိုမို ခိုင်မာရေး၊ ဟန်ချက်ညီ တိုးတက်ရေးကို ရှာကြံ ကြရမည်။ ကျွန်ုပ်တို့အားလုံးတွင် ဘုံ ယုံကြည်မှု၊ ဘုံ နိုင်ငံရေး စင်မြင့်နှင့် ဘုံလုပ် ငန်းစဉ် ရှိဖို့လိုသည်။ ဤ ယုံကြည်မှုများ အရ ညီညွတ်မှု ရှိခဲ့လျှင် ကျွန်ုပ်တို့၏ ဘုံနိုင်ငံရေး စင်မြင့်နှင့် ဘုံ စစ်ရေးဗဟို အမိန့်ပေးဌာနကို ခိုင်မာ စေလိမ့်မည်။

တဖွဲ့ချင်း၊ တစုချင်း ရရှိနေသည့် အစိတ်အပိုင်း အကူအညီများမှ တဆင့် ခုခံစစ်ကြီး တခုလုံးအတွက် စနစ်တခုလုံး ပြောင်းလဲရေးကို အဆုံးအဖြတ် ပေးမည့် နိုင်ငံရေး၊ စစ်ရေး၊ ဘဏ္ဍာရေး အကူအညီများ ရရှိရေးကို ကျွန်ုပ်တို့ အလေးထား ကြိုးစားကြရမည်။ အဖိနှိပ်ခံ အမျိုးသား အားလုံး၏ လွတ်မြောက်ရေးသည် ကျွန်ုပ်တို့ အားလုံး၏ ဘ၀လွတ်မြောက်ရေး ဖြစ်သည်။ ဤတာဝန်သည် ကျွန်ုတို့ အားလုံး တစည်း တလုံးတည်း ညီညွတ်အားဖြင့် တည်ဆောက်ရမည့် ရှောင်လွှဲ မရသည့် တာဝန်ဖြစ်သည်။

ပြည်ထောင်စုပြု တိုင်းရင်းသား အမျိုးသားများအပါအ၀င် အဖိနှိပ်ခံ ဗမာပြည်သူတရပ်လုံး၏ လွတ်မြောက်ရေးသည် အိမ်နီးချင်း နိုင်ငံများနှင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး၊ ဒေသ တည်ငြိမ်ရေးကို အာမခံ ပေးနိုင်မည်။

ဤလွတ်မြောက်ရေးသည်-

* ပြည်ထောင်စုပြု တိုင်းရင်းသား လူမျိုးများ၏ အမျိုးသား လက္ခဏာ၊ အမျိုးသား ဘ၀ရှင်သန်ရေးနှင့် တည်တန့်ရေးအတွက် အာမ ခံနိုင်မည်။
* ပြည်ထောင်စုပြု တိုင်းရင်းသားလူမျိုးများ၏ လူ့အခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့် ကိုယ့်ကြမ္မာ ကိုယ် ဆုံးဖြတ်ပိုင်ခွင့် ရရှိရေး၏ မဏ္ဍိုင် ဖြစ်သည်။
* ကျွန်ုပ်တို့ နှစ်ရှည်လများ မျှော်လင့်ခဲ့ကြသော နိုင်ငံရေးအရ တန်းတူမှုကို အာမခံသည့် စစ်မှန်သော ဒီမိုကရေစီ ဖယ်ဒရယ် ပြည်ထောင်စုနိုင်ငံကို အမှန် တည်ဆောက် ပေးနိုင်မည်။
* ဤ ဒီမိုကရေစီ ဖယ်ဒရယ်ပြည်ထောင်စု နိုင်ငံကို တရားဥပဒေ စိုးမိုးမှုအောက်တွင် အခိုင်အမာ ထားရှိနိုင်မည်။

ဖြစ်ကြောင်း နိဂုံးအနေဖြင့် တင်ပြလိုက်ပါသည်။

1 comment: