Friday, November 5, 2010

နအဖ၏ လက်တန်တခုကို မိမိရရ ရိုက်ခြိုးပစ်လိုက်ခြင်း

နအဖမှာ လက်တန်တွေအများကြီးရှိတယ်။ အဲဒီအများကြီးထဲက အရေးကြီးတဲ့ဘယ်လက်တန်ကို ရိုက်ခြိုးလိုက်သလဲဆိုရင် အမေရိကန် ပြည်ထောင်စုမှာနေထိုင်နေကြတဲ့  ၈၈မျိုးဆက်တွေနဲ့ ဒီမိုက ရေစီအရေးဆောင်ရွက်နေသူတွေ၏ကြိုးပမ်းမှုကြောင့် အောက်တိုဘာ ၇ ရက်နေ့ က နအဖ၏ “အာရုဏ်ဦးမှာ ဖူးသည့် ကြာ” ၀ါဒဖြန့် ရုပ်ရှင်ကားတွင် ပါဝင်သရုပ်ဆောင်ထားသော ၀ိုင်းစုခိုင်သိန်း အပါအ၀င် တီးဝိုင်းတဖွဲ့ လုံးကိုနေထိုင်ခွင့် ဗီဇာပြန်ရုပ်သိမ်းလိုက်တဲ့ ကိစ္စပဲ ဖြစ်ပါတယ်၊

ဒီကိစ္စမျိုးကို တော်တော်များများက နိုင်ငံရေးကိစ္စမဟုတ်ဘူး၊ အသေးအဖွဲကိစ္စ တခုအဖြစ်သာမြင်ကြ
တယ်၊ တကယ်တော့ ဒါဟာ နအဖ အာဏာတည်မြဲရေးအတွက် နည်းလမ်းတွေထဲကတခုပဲ၊ နအဖ ဟာ သူ့ ရဲ့  လက်တန်တွေကို မရှည်ရှည်အောင်ဆန့် ပြီး စည်းရုံးရေးကို နည်းပေါင်းစုံနဲ့ လုပ်လာတာ ယနေ့ ဆိုရင် မြန်မာပြည်သူလူထု၏ဆန္ဒ သဘောထားနှင့် မကိုက်ညီသော ၂၀၀၈ ဖွဲ့ စည်းပုံကို သူရဲ့  ဒေါက်တိုင်များ၏ အားဖြင့်၎င်း၊ စစ်အာဏာကိုသုံး၍၎င်း အတင်းအဓ္ဓမ အတည်ပြုခဲ့ ပြီး၊ အခုလာမည့်  နိုဝင်ဘာလ ၇ ရက်တွင် ထို ၂၀၀၈ ဖွဲ့ စည်း ပုံကို အခြေခံပြီးရွေးကောက်ပွဲကိုပြုလုပ်တော့မှာဖြစ်တယ်၊ ၁၉၉၀ ခု ဂျုလိုင်လစာရင်းအရ မြန်မာပြည်မှာလူဦးရေ ၄၁ သန်းကျော်ရှိတုံးက နအဖရဲ့လက်တန်တွေ အများကြီးမရှိသေးဘူး။ ဒါကြောင့် သူထင်တိုင်းလုပ်လို့ မရသေးဘူး၊ အခုသူထင်တဲ့ အတိုင်းလုပ်လို့ ရ တဲ့အခြေအနေတွေရောက်လာတော့မှ ၂၀၀၈ ဖွဲ့ စည်းပုံတို့ရွေးကောက်ပွဲတို့ လုပ်လာတာပဲဖြစ်တယ်။

သူထင်တိုင်းလုပ်လို့ ရတဲ့ အခြေအနေရောက်အောင် နည်းနည်းခြင်း သွတ်သွင်းလာတာဘဲ၊ ကျနော် တို့ ပေါ့ ပေါ့ လေးလို့ တွေးခဲ့ တဲ့ ကိစ္စတွေတော်တော်များများကို သူတရစ်ခြင်း ရစ်လာတယ်ဆိုတာ ကျနော်တို့ အားလုံးသဘောပေါက်သင့် တယ်၊ ကျနော်သိတဲ့ ဗဟုသုတအရပြောရရင် ကျနော်တို့ 
ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူဒေသရောက်တဲ့ အခါ ထိုင်းအစိုးရရဲ့  ကိုလိုန်ီနယ်ချဲ့ လက်သစ်စနစ် က ဒီလို.....
မြန်မာနိုင်ငံ အစိုးရတွေမလုပ်နိုင်တဲ့ နယ်စပ်ဒေသတွေကို လမ်းဖောက်တယ်၊ လျှပ်စစ်မီးသွယ်တယ်၊ တယ်လီဖုန်းလိုင်းတွေတပ်ပေးတယ် ပြီးတော့ မွန်လူမျိုးတွေ၊ မြန်မာလူမျိုးတွေရှိတဲ့  မြန်မာပိုင်နယ် မြေမှာ နယ်မြေမှတ်ပုံတင်ကဒ်တွေထုတ်ပေးပြီးနေထိုင်ခွင့် ပေးထားတယ်။ အနှစ်၂၀ လောက်ကြာတဲ့  အခါ အဲဒီမှာနေတဲ့ မြန်မာပြည်သားတွေက ထိုင်းနိုင်ငံသား လက်မှတ်တွေနဲ့ ဖြစ်ကုန်ပြီ ၊ အဲဒီလူတွေ နေတဲ့နေရာ မြန်မာပိုင်မြေတွေလည်း ထိုင်းမြေပုံထဲရောက်သွားပြီ၊ အဲဒါကြောင့် မြန်မာအစိုးရအဆက် ဆက်မှာ နယ်စပ်နယ်နမိတ်ရေးဆွဲတဲ့ ကိစ္စဘယ်တော့မှမပြီးတော့တာပဲ၊ လက်ရှိတရုပ်အစိုးရ၏ မြန်မာ ပြည်ကို သူတို့ ရဲ့  ပြည်နယ်တခုအဖြစ်ထားခြင်လို့ နအဖနဲ့ ဆက်ဆံကျင့် သုံးနေတာလည်း ဒီစနစ်ပဲ ၊
ထိုင်းနိုင်ငံရဲ့ ကိုလိုနီနယ်ချဲ့ လက်သစ်ဝါဒနဲ့  မြန်မာစစ်အာဏာရူး အစိုးရများ အဆက်ဆက်မှာ တလွဲ ဆံပင်ကောင်းမှုတွေကြောင့်  အဲဒီနယ်နမိတ် ပြသနာမပြီးတာပဲ ၊

ဒီနေ့ ဒီအချိန်မှာ နအဖကလည်း ကိုလိုနီနယ်ချဲ့ လက်သစ်ဝါဒ အတိုင်း ကိုယ့် နိုင်ငံသားတွေကို ပြန် ကျင့်သုံးနေတာ ကြံ့ ဖွံ့ အဖွဲ့ ဆို အခြေအနေတခုမှာနအဖကို တောင့်ခံပေးထားတဲ့ အင်အားတွေ ဖြစ် လာနေတာ အခုပိုသိလာတော့ တယ်၊ ကြံ့ ဖွံ့ အင်အားဟာ နအဖ၏ အဓိကအင်အားအဖြစ် အနှစ် ၂၀ အတွင်းမှာ ၂၄ သန်းကျော်ထိရောက်ရှိသွားခြင်းကသက်သေပြနေတယ်၊

ဆိုလိုတာက နအဖက နည်းအမျိုးမျိုးနဲ့  ကြံ့ ဖွံ့ အဖွဲ့ လိုမျိုး စီးပွားရေးသမားတွေကို သူ့ အင်အားအဖြစ်
အခွင့် အရေးပေးပြီးသိမ်းသွင်းထားတယ်၊ စစ်တပ်ကိုလည်း အကျိုးတူပူးပေါင်းသော စစ်အာဏာရှင် အုပ်စု၏လက်ဝေခံတပ်အဖြစ်ဖန်တည်းထားတယ်၊ အဲဒါတွေတင်မကသေးဘူး စာရေးဆရာတို့ ၊ ရုပ် ရှင်သရုပ်ဆောင်တို့ ၊ အဆိုတော်တို့ ကိုလည်း မသိမသာအခွင့်အရေးပေး၊ ပိတ်ပင်ခြိမ်းခြောက်ပြီး သူ့  အတွက်ဝါဒဖြန့် လုပ်ရပ်တွေလုပ်ခိုင်းခဲ့ တယ်၊ ခရစ်ယာန်ဘာသာရေးခေါင်းဆောင် Andrew Mya Han တို့  ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး ဒေါက်တာ ဦးရေ၀တ (အင်္ဂလန်) တို့ ဆို ခင်ညွန့် လက်ထက်မှာ KNU နဲ့  မြန်မာတော်လှန်ရေးအင်အားစုတွေကြား နအဖကိုယ်စားလှယ်အဖြစ်လာသွားကြတာပဲ၊ ဒါ တွေပြောရင် အများကြီးပါ ဆိုလိုချင်တာက အာဏာရှင်ကိုဆန့် ကျင်တဲ့ အင်အားစုတွေက ကိုယ့်  စည်းကို လုံအောင် ထိမ်းတတ်ဖို့ လိုအပ်တယ်၊ ကိုယ့်စည်းထဲကိုရန်သူ နအဖရဲ့ ဒေါက်တိုင်တွေကို မည်သည့် အကြောင်း ပြချက်နဲ့ ဖြစ်ဖြစ်အ၀င်မခံဖို့ အထူးသတိထားနိုင်ဖို့ လိုပါတယ်၊

ကျနော်တို့ မှာ မိတ်ဆွေဘက်ကလား ရန်သူဘက်ကလားဆိုတာလောက်တော့ ခွဲခြားဆုံးဖြတ်နိုင်တဲ့  ဆင်ခြင်တုံတရားရှိသင့်ပါတယ်၊ ဒီနေရာမှာ သိထားဖို့ လိုတာက အနုပညာရှင်တွေအနေနဲ့ လည်း ပြည်သူနဲ့ တသားတည်းပဲဖြစ်သင့်တယ်၊ သူတို့ လည်းပြည်သူတွေပါပဲ၊ မိမိတို့ အခွင့်အရေးအတွက်ပဲ လုပ်နေကြရင် ပြည်သူနဲ့ တသားတည်းမဖြစ်ပဲ စစ်အုပ်စု၏ အသုံးချခံ အနုပညာရှင်တွေသာဖြစ်သွား
ပါလိမ့် မယ် ။

နအဖ၏ လက်တန်တွေကို ကျနော်တို့ အားလုံး သေသေချာချာ မတားဆီးနိုင်ခဲ့တဲ့အတွက် အဲဒီလက် တန်တွေ၏ထိုးနှက်မှုကို ဒီမိုကရေစီရေးကြိုးပမ်းနေသူများအားလုံးခံနေရပြီ ၊ နအဖက ၂၀၀၈ အခြေခံ ဥပဒေမျိုးကို လက်ဦးမှုရယူထားပြီ၊ အာဏာရှင်စနစ်ကို ၁၉၉၀ ခုနှစ်က လူထုထောက်ခံမှုအားနဲ့ ၊ နိုင်ငံ တကာအသိအမှတ်ပြုခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည် လိုခေါင်းဆောင်မျိုးနဲ့ ဆန့် ကျင်တော်လှန် ခွင့်ရတာမျိုး နောက်တခါပြန်ရဖို့ မလွယ်တော့ဘူး၊ ရခဲ့တဲ့အခွင့်အရေးကို ကျနော်တို့ အားလုံးပိုင်ပိုင် နိုင်နိုင်အသုံးမချနိုင်ခဲ့တဲ့ အတွက် ရလာဒ်ကတော့ စစ်တပ်ကထာဝရ အုပ်ချုပ်ခွင့် ရှိတဲ့စစ်အာဏာရှင် စနစ်ကို အမိမြန်မာပြည်ကြီး ရက်ပိုင်းအတွင်း အသွတ်သွင်းခံရတော့မှာပဲဖြစ်တယ်။ ကျနော်တို့ လည်း အဲဒီအခြေအနေတွေကို အစကပြန်ပြီး ပြင်ဆင်ဖို့ ၊ ပိုပြီးခက်ခဲတဲ့ တော်လှန်မှုတရပ်ဆင်နွှဲရပါအုံးမယ်၊ သမိုင်းကပေးတဲ့ သင်ခန်းစာယူဖို့ ကောင်းပါတယ်၊ နောင်တလည်းရကြဖို့ ကောင်းပါတယ်၊ ကျနော်အ ပါအ၀င် ကျနော်တို့  အားလုံးအတ္တကြီးခဲ့ကြတယ်လို့ ဆိုချင်ပါတယ်၊ ကျနော်တို့ ရဲ့ အတ္တတွေကိုတတ် နိုင်သလောက်လျှော့ ချပြီး တိုင်းပြည်အတွက်ပေးဆပ်နိုင်ကြဖို့ ပိုပြီးကြိုးစားသင့်ပါတယ်၊

အခု နအဖ လက်တန်တခုဖြစ်တဲ့  “အာရုဏ်ဦးမှာ ဖူးသည့် ကြာ” ရုပ်ရှင်ကားကို ရွေးကောက်ပွဲမတိုင်မီ အချိန်ကိုက် ပြည်သူကိုဝါဒဖြန့် စည်းရုံးဖို့ ရိုက်ပြီးပြတယ်၊ ပြည်တွင်းမှ ပြည်သူတွေအတွက်တော့ ၈၈ မျိုးဆက်နဲ့ နောက်ပိုင်းမျိုးဆက်တွေကို တတ်နိုင်သလောက်အဆက်ဖြတ်ထားပြီးပြီ မျိုးဆက်အသစ် တွေကို ဒီလိုရုပ်ရှင်ကားမျိုးနဲ့ စည်းရုံးရင်လုံလောက်တယ်လို့ နအဖ ထင်ရင်လဲထင်မှာပေါ့ ၊ အဲဒီထင် လုံးနဲ့ ပဲ ပြည်ပမှာလည်းသူ့ ကိုမျက်နှာလို မျက်နှာရ လုပ်ချင်သူတွေရဲ့ အားနဲ့ နိုင်ငံတကာ ဒီမိုကရေစီ ရေးလုပ်နေသူတွေကြား ပဠိပက္ခ ဖြစ်အောင်ဖန်တီးဖို့ အတွက် ၀ိုင်းစုခိုင်သိန်းတို့ အဖွဲ့ ကို အမေရိကန် ပြည်ထောင်စုသို့ ၎င်း၊ ခန့် စည်သူတို့ ကို သြစတြေးလျှ သို့ လာခိုင်းပြီး ထိုးခွဲဖို့ ကြိုးစားတော့တာပဲ၊

ဒါပေမဲ့ နအဖ မသိတဲ့ အချက်က ၈၈ မျိုးဆက်နဲ့ မြန်မာ့ ဒီမိုကရေစီအရေးဆောင်ရွက်နေသူတွေက
လိုချင်တာက စစ်မှန်တဲ့ ဒီမိုကရေစီစနစ်ပဲ၊ စစ်အာဏာရှင်အုပ်ချုပ်ရေးစနစ်ကိုတော့ လက်မခံနိုင်ဘူး
ဆိုတာ နအဖဒေါက်တိုင်တွေဖြစ်တဲ့ ဝိုင်းစုခိုင်သိန်းပါတဲ့ တီးဝိုင်းတခုလုံးကို ဗီဇာရုပ်သိမ်းပြီး မြန်မာပြည် ပြန်မောင်းထုတ်လိုက်ခြင်းကသက်သေပြလိုက်တာပဲ၊ ခန့် စည်သူလည်း သြစတြေးလျှ ကိုလာရင် ၈၈ မျိုးဆက်တွေကလည်း သဘောထားထုတ်ပြန်ထားပြီးပြီ ၊ ဒါကြောင့် သူရင်ဆိုင်ရမဲ့ အခြေအနေတွေကို တွက်ဆထားပုံရတယ်၊ ဒါကြောင့် သူလုံးဝမလာတော့တာပဲ၊ တနည်းပြောရရင် နအဖ၏ ကိုယ်လိုနီနယ် ချဲ့ လက်သစ်စနစ် မအောင်မမြင်ဖြစ်သွားတာပေါ့ ၊

နောက်ဆုံးအနေဖြင့် နိုင်ငံအသီးသီးမှာရောက်ရှိနေကြသော ဒီမိုကရေစီအင်အားစုများကို တိုက်တွန်း လိုပါတယ်၊ ကျနော်တို့ သည်

ပုဂ္ဂိုလ်ရေးမုန်းတီးမှုကြောင့် မဟုတ်
တိုင်းပြည်မျက်နှာတခုကိုယ်ပဲကြည့် ၍
မြန်မာတပြည်လုံး စစ်ကျွန်ဘ၀မှလွတ်မြောက်စေခြင်လျှင်တော့ 

စစ်အာဏာရှင်၏ သားသမီးများ၊ ဆွေမျိုးများ၊ ၎င်းတို့ ၏ဒေါက်တိုင်များကို မိမိတို့ ရောက်ရှိနေသော နိုင်ငံများတွင်လာရောက် ပညာသင်ကြားနေခြင်း၊ စီးပွားရေးလုပ်ကိုင်နေခြင်း ၊ နေထိုင်ခြင်းများကို
ပြတ်ပြတ်သားသား ဖယ်ရှားပစ်ကြဖို့ တိုက်တွန်းလိုပါတယ်၊

အားလုံးကိုလေးစားစွာဖြင့် 

စိုးလွင်
ဆစ်ဒနီမြို့ 
နိုဝင်ဘာလ ၁ ရက်၊ ၂၀၁၀

No comments:

Post a Comment