Monday, November 8, 2010


မတရားသည့် ရွေးကောက်ပွဲနှင့် ဖိအားများကြောင့် တိုက်ပွဲဖြစ်ဟု SSA ပြောPrint

ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့တွင် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) ခွဲထွက် အဖွဲ့နှင့် စစ်အစိုးရ တပ်များ တိုက်ပွဲ ဖြစ်ပွားရခြင်းမှာ ၎င်းတို့အပေါ် စစ်အစိုးရက ဖိအားပေးလွန်း သောကြောင့်ဖြစ်သည်ဟု ရှမ်းပြည် တပ်မတော် တောင်ပိုင်း(SSA-S) ခေါင်းဆောင် ဒု ဗိုလ်ချုပ်ကြီး ရွက်ဆစ်က ယနေ့ ပြောဆိုလိုက်သည်။

Gen-Yord-Serkစစ်အစိုးရတပ်များကို DKBA ခွဲထွက် အဖွဲ့ဖြစ်သည့် တပ်မဟာ ၅ မှ ဗိုလ်မှူးကြီး စောလားပွယ် (နှုတ်ခမ်းမွေး) ၏ တပ်များ တိုက်နေသကဲ့သို့ SSA- S တပ်များသည်လည်း ရှမ်းပြည်အတွင်း စစ်အစိုးရတပ်များကို တိုက်ခိုက်နေကြောင်း၊ နေ့စဉ် လိုပင် တိုက်ပွဲများ ဖြစ်ပွားနေကြောင်း သိရှိရသည်။

DKBA တပ်များကို ကူညီရန်လည်း နယ်မြေ အနေအထားကြောင့် မည်သည့်ဆုံးဖြတ်ချက်မှ မပြုလုပ်ရသေးကြောင်း SSA- S ခေါင်းဆောင်က ထိုင်း- မြန်မာနယ်စပ် လွိုင်တိုင်းလျန်း ရှိ SSA- S ဌာနချုပ်မှ ဧရာဝတီသို့ ပြောသည်။

“ဒါကတော့ DKBA တပ်တွေရယ်၊ ပြည်သူလူထုအပေါ်ကို စစ်တပ်က အတင်းဖိအားပေးတာတွေကို ဘယ်လိုမှ သည်းမခံ နိုင်တော့တဲ့အဆုံး အခုလိုမျိုး တိုက်ကြတယ်လို့ ကျနော်မြင်ပါတယ်။ တရားမျှတမှု မရှိတဲ့ ရွေးကောက်ပွဲ ကျင်းပတာလည်း သက်ဆိုင်မယ် လို့လဲ ကျနော်ထင်ပါတယ်”ဟု ဒု ဗိုလ်ချုပ်ကြီး ရွက်ဆစ်က ဧရာဝတီသို့ ပြောသည်။

ဒု ဗိုလ်ချုပ်ကြီး ရွက်ဆစ်သည် မော်ထိုင်း တပ်မတော်(MTA)မှ ခွဲထွက်အဖွဲ့ဖြစ်သည့် ရှမ်းပြည် ညီညွတ်ရေးနှင့် တော်လှန်ရေးတပ်(SURA) ကိုလည်း ဦးဆောင်ခဲ့သူဖြစ်ပြီး နောက်ပိုင်းတွင် SURA မှ SSA- S အဖြစ် ပြောင်းလဲ ဖွဲ့စည်းခဲ့ သည်။ SSA- S သည် အင်အား ၇ ထောင်ကျော် ရှိသည်ဟုလည်း စစ်ရေးလေ့လာသူများက ခန့်မှန်းကြသည်။

ဒု ဗိုလ်ချုပ်ကြီး ရွက်ဆစ်က ယခုကျင်းပသည့် စစ်အစိုးရ၏ ရွေးကောက်ပွဲသည် တရားမျှတမှု မရှိခြင်း၊ နည်းလမ်း မကျခြင်း တို့သည်လည်း DKBA နှင့် စစ်အစိုးရတပ်များ၏ တိုက်ပွဲဖြစ်ပွားရခြင်းနှင့် ဆက်စပ်မှု ရှိသည်ဟု ပြောဆိုသည်။

စစ်အစိုးရတပ်များနှင့် DKBA တပ်များ ယမန်နေ့က စစ်ရေး တင်းမာမှုများဖြစ်ခဲ့ပြီး ယနေ့နံနက် ၉ နာရီခန့်တွင် အပြန် အလှန် ပစ်ခတ်မှုများ စတင်ခဲ့သည်။

မြဝတီမြို့တွင် ယမန်နေ့က ရွေးကောက်ပွဲ ကျင်းပနေစဉ်မှာပင် DKBA တပ်များက ရဲစခန်းနှင့် နယ်စပ်ဂိတ်တချို့ကို ဝိုင်း ထားခဲ့ခြင်းနှင့် ပတ်သက်ပြီး ယခုကဲ့သို့ ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည်ဟုလည်း သိရှိရသည်။

“အခုရွေးကောက်ပွဲက ကျနော်တို့အမြင်မှာတော့ ဘယ်သူ့အတွက်မှ အကောင်းဖြစ်မှာ မဟုတ်ဘူး။ ဘာလို့လည်းဆိုတော့ သူတို့လုပ်တဲ့ ရွေးကောက်ပွဲက နည်းလမ်းမကျဘူး၊ တရားမျှတမှုလည်း မရှိဘူး။ မြန်မာပြည်ထဲက ပြဿနာတွေကိုလည်း ဘာမှဖြေရှင်းပေးနိုင်မှာ မဟုတ်ဘူး။ စစ်အစိုးရက သူတို့ရဲ့အပြစ်တွေကို ရွေးကောက်ပွဲနဲ့ ဖုံးတဲ့သဘောပဲဗျ။ အဲဒါကြောင့် မို့လို့ ဒီရွေးကောက်ပွဲ ကနေတဆင့် ဘာမှဖြစ်လာမှာလဲ မဟုတ်ဘူး”ဟု ဒု ဗိုလ်ချုပ်ကြီး ရွက်ဆစ်က ပြောသည်။

ရွေးကောက်ပွဲ အပြီး ကာလများတွင် စစ်အစိုးရက တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များကို ချေမှုန်းနိုင်သည်ဟု စစ်ရေး လေ့လာသူများက ပြောဆိုထားသည်။ ယင်း ပြောဆိုချက်အရ ယခု မြ၀တီ၌ ဖြစ်ပွားသည့် တိုက်ပွဲသည် စစ်အစိုးရက အမှန်တကယ် ထိုးစစ်ဆင်ခြင်း ဟုတ်၊ မဟုတ်ကို SSA- S က အထူးစောင့်ကြည့်နေကြောင်း ၎င်းက ဆိုသည်။

၎င်းက ဆက်လက်ပြီး လက်နက်ကိုင်တပ်ဖွဲ့ ဆိုသည်မှာ အမြဲတမ်း စစ်ရေးသတိရှိကြသော အဖွဲ့ ဖြစ်သဖြင့် စစ်အစိုးရ ဘက် မှ စတင် ထိုးစစ်ဆင်လာပါက SSA- S တပ်ဖွဲ့များအနေဖြင့် တုံ့ပြန်ရန် အသင့်ရှိနေကြောင်းလည်း ပြောသည်။

မကြားသေးမီက ရုရှားနိုင်ငံမှ စစ်အစိုးရ ဝယ်ယူခဲ့သည့် Mi- 24 အမျိုးအစား စစ်သုံးရဟတ်ယာဉ်များကို အသုံးပြု၍ တိုင်းရင်းသား တပ်ဖွဲ့များအပေါ် တိုက်ခိုက်လာနိုင်ခြင်း ရှိ၊ မရှိနှင့် ပတ်သက်၍ ဧရာဝတီက မေးမြန်းခဲ့ရာ စစ်သုံး ရဟတ် ယာဉ်များ၊ စစ်သုံးလေယာဉ်များဖြင့် ပြည်တွင်းစစ်ဆင်နွှဲခြင်းသည် မှားသည့် လုပ်ရပ်တခု ဖြစ်ကြောင်း၊ ပြည်တွင်းမှ တော်လှန်ရေးအင်အားစုများကို ယင်းကဲ့သို့ ခေတ်မီလက်နက်ဆန်းများဖြင့် တိုက်ခိုက်ခြင်းသည် အလွန်ရက်စက်သည့် လုပ်ရပ်တခု ဖြစ်ကြောင်း SSA- S ခေါင်းဆောင်က ပြောဆိုသည်။

နောက်ဆုံးရ သတင်းများအရ ထိုင်း- မြန်မာနယ်စပ်ဖြစ်သော ဘုရားသုံးဆူတွင် ရှိသည့် မဲရုံတရုံကို DKBA တပ်များက မီးရှို့လိုက်ကြောင်း၊ စစ်အစိုးရတပ် ခြေလျင်တပ်ရင်း (ခလရ) ၂၈၃ နှင့် DKBA တပ်များ နှစ်ဘက် တင်းမာနေကြောင်း သတင်း ရရှိသည်။

No comments:

Post a Comment