Wednesday, November 3, 2010

FEC ၂၀ တန်ဖုန်းကတ်များကို လုံခြုံရေးအရ ဖျက်သိမ်း

တခါသုံး FEC  ၂၀ တန် ဖုန်းကတ်များကို သတင်းလုံခြုံရေး စိတ်မချရဟုဆိုကာ ဖျက်သိမ်းရန် စစ်အာဏာပိုင်များ၏ ညွှန်ကြားမှုဖြင့် ဆက်သွယ်ရေးဝန်ကြီး ဌာနက ဆောင်ရွက်ပေးရခြင်း ဖြစ်ကြောင်း သတင်းရရှိသည်။

အဆိုပါ တခါသုံးဖုန်းကတ်များ ထုတ်လုပ်ရောင်းချသည့် ဦးတေဇ၏ ထူး ကုမ္ပဏီ လက်အောက်ခံ ကုမ္ပဏီတခုဖြစ်သော Central Marketing ကုမ္ပဏီက ဖွင့်လှစ်ထားသည့် Mobile shopping mall မှ တာဝန်ရှိသူတဦးက FEC ၂၀ တန် ဖုန်းကတ်များကို လာမည့် နိုဝင်ဘာ ၁၅ ရက်နေ့မှ စတင်၍ ဖျက်သိမ်းတော့မည်ဟု ဆိုသော်လည်း ဆက်သွယ်ရေး ဝန်ကြီးဌာနကမူ ဖျက်သိမ်းခြင်း မဟုတ်ကြောင်း၊ System update ပြုလုပ်ရန် ခေတ္တရပ်နားခြင်းသာဖြစ်ကြောင်း ငြင်းဆိုသည်။

ယခုတပတ်ထုတ် ရန်ကုန်အခြေစိုက် Venus ဂျာနယ်တွင်လည်း FEC ၂၀ တန် တခါသုံးဖုန်းကတ်များကို နိုဝင်ဘာ ၁၅ ရက်နေ့မှ စတင်၍ ၂ ပတ်ခန့် ပိတ်ထားမည်ဟု ဖော်ပြထားသည်။

“System update လုပ်တယ်ဆိုတာ အကြောင်းပြတာပါ။ ခဏ ရပ်မယ်လို့ပြောပေမယ့် ကတ်တွေ ထပ်မထုတ်တော့ဘူး ဆိုတော့ ဖျက်သိမ်းတာနဲ့ အတူတူပါပဲ” ဟု Mobile shopping mall မှ တာဝန်ရှိသူက ပြောသည်။

 အဆိုပါ တခါသုံးဖုန်းကတ်များကို Central Marketing ကုမ္ပဏီက ဖြန့်ချိ ရောင်းချခြင်းဖြစ်ပြီး မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် ခံစားခွင့်မှာ အကျိုးတူဖြစ်ကြောင်း သိရသည်။

သို့ရာတွင် ရန်ကုန်အခြေစိုက် သတင်းထောက်တဦးကမူ “ဆက်သွယ်ရေးက ထပ်ထုတ်ခွင့် မရဘူးလို့ ပြောတယ် ဆိုကတည်းက ဖျက်သိမ်းတာပဲပေါ့။ အထက်က အမိန့်နဲ့ လုံခြုံရေးအရ လုပ်တာပါ” ဟု ဆိုသည်။

အကန့်အသတ်မရှိ ချပေးထားသည့် ကျပ် ၅ သိန်းတန်ဖုန်းမှာ နံပါတ်အသေဖြစ်သောကြောင့် ဖုန်းအဝင်အထွက်များကို စစ်ဆေးနိုင်ကြောင်း၊ FEC ၂၀ တန် တခါသုံးဖုန်းကတ်များမှာမူ နံပါတ် အရှင်ဖြစ်သောကြောင့် လုံခြုံရေးအတွက် ပိုမို စိတ်ချရကြောင်း ၎င်းက ဆက်ပြောသည်။

ပြည်ပ ခေါ်ဆိုနိုင်သည့် FEC ၂၀ တန် ကတ်နှင့် FEC ၅၀ တန် ကတ် အမျိုးအစား ၂ ခု ထုတ်လုပ်ထားသော်လည်း ဟန်းဆက်မရွေးခြင်း၊ သုံးစွဲသူ ၀န်ထုပ်ဝန်ပိုးမဖြစ်စေဘဲ ဈေးနှုန်းသင့်တင့်ခြင်း တို့ကြောင့် တလခံ FEC ၂၀ တန် ကတ်ကို သုံးစွဲသူပိုများကြောင်း သိရသည်။

ရွေးကောက်ပွဲကာလ နီးကပ်လာသည်နှင့်အမျှ အင်တာနက်လိုင်း ဖြတ်တောက်မှုများကို ပြုလုပ်လာသကဲ့သို့ တယ်လီဖုန်း လိုင်းများမှ သတင်း စီးဆင်းမှုများကိုလည်း အာဏာပိုင်များက ထိန်းချုပ်လာသည်ဟု ရန်ကုန်အခြေစိုက် သတင်းထောက် တဦးက ပြောသည်။

နိုဝင်ဘာ ၁ ရက်နေ့မှ စတင်၍ အော်တိုတယ်လီဖုန်း (ကြိုးဖုန်း) များဖြင့် ဂဏန်း ၆ လုံးကျော် (နယ်အဝေး) ခေါ်ဆိုပါက ယခင် ၁ မိနစ် ၁၅ ကျပ်မှ ၂၅ ကျပ်နှုန်းသို့ တိုးမြှင့်ကောက်ခံပြီဟု မြန်မာ့ဆက်သွယ်ရေး ၀န်ကြီးဌာန အသိုင်းအဝန်းမှ သိရသည်။

လက်ရှိ မြန်မာတနိုင်ငံလုံးတွင် လိုင်းအင်အား ၈ သိန်းကျော် ရှိပြီး နယ်အဝေးနှင့် မြို့တွင်းခေါ်ဆိုခနှုန်း အတူတူပင် ဖြစ်သော ကြိုးဖုန်း ခေါ်ဆိုခနှုန်းများကို ယင်းကဲ့သို့ တိုးမြှင့်ကောက်ခံခြင်းသည် ရွေးကောက်ပွဲ အကြိုကာလ ဆက်သွယ်ပြောဆိုမှု ခက်ခဲရန် ပြုလုပ်သည့် နည်းလမ်းတခု ဖြစ်နိုင်ကြောင်း လေ့လာသူများက သုံးသပ်ကြသည်။

“တရားဝင်တော့ စာထုတ်ပြီးပြီ။ ပြည်သူလူထုကို မပြောသေးဘူး။ ဒါပေမယ့် ဆက်သွယ်ရေးဝန်ကြီးဌာနကနေ မြို့နယ် ရုံးတွေ အကုန်လုံးကို ညွှန်ကြားထားတယ်။ ဈေးတက်မယ် ပြောနေတာတော့ ကြာလှပါပြီ။ ဒါပေမယ့် ဖုန်းခေါ်ခဈေးတွေ အလကား နေရင်း တက်တယ်ဆိုပြီး ပြောမှာစိုးလို့ တောက်လျှောက် ၁၅ ကျပ်ပဲ ကောက်နေတာ” ဟု မြန်မာ့ ဆက်သွယ်ရေး ၀န်ကြီး ဌာနမှ အရာရှိတဦးက ပြောသည်။

ယခုကဲ့သို့ နိုဝင်ဘာ ၁ ရက်နေ့မှ စတင် ဈေးနှုန်းမြှင့်တင်လိုက်ခြင်းသည် ကြိုးဖုန်းအသုံးများသည့် ပြည်သူလူထုထံမှ ရွေးကောက်ပွဲ ကာလ သတင်းစီးဆင်းမှုကို တဘက်လှည့်ဖြင့် လျော့နည်းအောင် ပြုလုပ်ခြင်းလည်းဖြစ်ကြောင်း သူက ဆိုသည်။

ရွေးကောက်ပွဲ မတိုင်မီ ကာလတွင် CDMA ကျပ် ၅ သိန်းတန် တယ်လီဖုန်းလိုင်းများကို အကန့်အသတ်မရှိ ချပေးနေ သော်လည်း အဆိုပါဖုန်းမှာ ပြည်ပမှ ခေါ်ဆိုရန် ခက်ခဲကြောင်း၊ FEC ငွေစာရင်း သွင်းမထားပါက နိုင်ငံခြားသို့ Miss Call မပေးနိုင်ကြောင်း၊ ပြည်ပမှ ခေါ်ဆိုသည့်အခါတွင် တားမြစ်နံပါတ် (Restricted Number) ဆိုသည့် စာသားပေါ်တတ်ကြောင်း သုံးစွဲသူများက ပြောသည်။

အတည်မပြုနိုင်သည့် သတင်းများ၏အဆိုအရ ထိုင်းမြန်မာ နယ်စပ်မြို့များတွင် အသုံးပြုနေကြသော ထိုင်း တယ်လီဖုန်း များကိုလည်း နိုဝင်ဘာ ၃ ရက်နေ့မှ စတင်၍ ဆက်သွယ်ပြောဆို အသုံးမပြုနိုင်ရန် လိုင်းများ ဖြတ်တောက်တော့မည် ဖြစ်ကြောင်း သိရသည်။

ရွေးကောက်ပွဲကာလ သတင်းစီးဆင်းမှုအတွက် အသုံးပြုနိုင်သည့် အင်တာနက်နှင့် တယ်လီဖုန်းသုံးစွဲမှုများကို ခက်ခဲစေရန် စစ်အစိုးရက ပြုလုပ်နေခြင်းသည် ယင်းတို့ ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲကာလအတွင်း မသမာမှုများအား မဖော်ထုတ် နိုင်ရန် ထိန်းချုပ်လိုခြင်းသာ ဖြစ်ကြောင်း ရွေးကောက်ပွဲ လေ့လာသူများက သုံးသပ်သည်။င်္

No comments:

Post a Comment