Wednesday, November 3, 2010

ယုံအောင်ပြောပါ ဦးဋ္ဌေးဦးရယ်

..ရန်ကုန်မြို့ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးချုပ်၌ ပါတီ၏ အထွေးထွေအတွင်းရေးမှူး ဦးဋ္ဌေးဦးက ၂၇.၁၀.၂၀၁၀ ရက်တွင် မီဒီယာများနှင့် တွေ့ဆုံ၍ ပါတီ၏ လုပ်ငန်းစဉ်များနှင့် ရပ်တည်ချက် သဘောထားများကို ရှင်းလင်းပြောကြားခဲ့သည်။ ပြည်ခိုင်ဖြိုးပါတီ၏ သမ္မတလောင်းကို လျာထားပြီးသား ဖြစ်သော်လည်း ယခုအချိန်တွင် ပြောရန်မသင့်တော်သေးကြောင်း၊ လက်ရှိ ၀န်ကြီးမျာအနေဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပါရှိသည့်အတိုင်း ရွေးကောက်ပွဲပြီးနောက် အစိုးရသစ်ကို ဖွဲ့ပြီးသည့်အခါတွင် ယင်းအစိုးရကို ယခုအစိုးရက အာဏာလွှဲပေးမည်ဖြစ်၍ ယင်းအချိန်အထိတော့ မိမိတို့ရှိနေဦးမည် ထင်ကြောင်း၊ အတူပါဝင် ယှဉ်ပြိုင်မည့် ကျန် ၃၆ ပါတီအား လုပ်ဖော်ကိုင်ဖက် ပါတီများအဖြစ်သာ ခံယူထားကြောင်း၊ မိမိတို့တွင် ရန်သူ မရှိကြောင်း၊ မဟာမိတ်တိုးတိုးတိတ်တိတ် ဖွဲ့စည်းထားခြင်းများလည်း မရှိကြောင်း၊ ပါတီ၏ စီးပွားရေးလုပ်ငန်း၊ ရင်းနှီးမြှုပ်နှံမှု အနေဖြင့် အဓိကမှာ စိုက်ပျိုးရေးနှင့် မွေးမြူရေးဖြစ်၍ ယင်းတို့တွင် ရင်းနှီးမြှုပ်နှံထားကြောင်း၊ ငါးကန်များ ဆောင်ရွက်ထားပြီး စက်ရုံအချို့ထောင်ရန် စီစဉ်ထားကြောင်း၊ ဘဏ်လုပ်ငန်းအချို့တွင်လည်း ၀င်ရန်ရှိကြောင်း၊ ၀င်လည်းဝင်ထားကြောင်း သတင်းထောက်များ၏ မေးမြန်းချက်ကို ပြန်လည်ဖြေကြားခဲ့သည်။ NLD ခေါင်းဆောင်များ၊ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို မည်သို့သော မက်ဆေ့ခ်ျ (Message) ပေးလိုပါသနည်းဟု သတင်းထောက်တစ်ဦး၏ မေးမြန်းချက်ကို မိမိအနေဖြင့် တိုင်းပြည် ကောင်းစေချင်သည့် အတွက် ပူးပေါင်းဆောင်ရွက် စေချင်ကြောင်း၊ ပြည်သူ့အတွက် အကျိုးရှိမည့် လုပ်ငန်းများကို လက်တွေ့ လုပ်ဆောင်စေချင်ကြောင်း၊ မည်သို့ပင်ဆိုစေကာမူ စည်းလုံးညီညွတ်ခြင်းသည် ကောင်းမွန်ခြင်းဖြစ်၍ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ဖြင့် ဆောင်ရွက်ကြရန် လိုကြောင်း၊ ပြည်သူများအတွက် အကျိုးရှိမည့် လုပ်ငန်းများကို ပူးပေါင်းပြီး ဆောင်ရွက်ပြုလုပ်နိုင်မည်ဆိုလျှင် ကောင်းမွန်ကြောင်း၊ မိမိတို့ဘက်က မှန်သည်များရှိသလို သူ့ဘက်က မှန်သည်များလည်း ရှိကြောင်း၊ သို့သော် ပကတိ အခြေအနေနှင့် တွက်ဆ၍ လက်တွေ့ကျသည့် လုပ်ငန်းများကို ဆောင်ရွက်နိုင်ကြရန် လိုအပ်ကြောင်း၊ ပြည်သူ့အတွက် အကျိုးရှိ၊ မရှိ အချက်အပေါ်ကို အခြေခံ၍ ဆုံးဖြတ်ကြရမှာဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့ကြောင်း ၂၀၁၀ခုနှစ် နိုဝင်ဘာ ၄ ရက်နေ့ထုတ် ပြည်မြန်မာ ဂျာနယ်တွင် ဖော်ပြထားပါသည်။ .

No comments:

Post a Comment