Sunday, November 7, 2010

မဲနှစ်ခါထည့်ခဲ့ရသော မိတ်ဆွေတစ်ဦး၏ ရင်ဖွင့်သံ

နိုဝင်ဘာလ (၇) ရက်၊ ၂၀၁၀။

ဘယ်လိုပဲ ဖြစ်ဖြစ်ပေါ့လေ မဲကတော့ သွားပေးခဲ့တာပဲ။ ဒါပေမယ့် အားလုံး ကြက်ခြေခတ် အမှတ်အသားပဲ လုပ်ပေးခဲ့တယ် ရှင့်။ ဒါပေမယ့်လည်း ရခိုင်ကလွဲရင်တော့ အားလုံးပါတီကို ကြက်ခြေခတ် ပေါ့နော်။ အဲဒါတောင် မဲပေးရတာက ပြဿနာ တွေ တက်ပြီး မဲရုံကလူတွေနဲ့ ရန်ဖြစ် လာသေးတယ်။ အင်း ဘယ်လို ဖြစ်တာလည်းဆိုတော့ ပထမတော့ သူတို့ပေးထားတဲ့ စာရင်းပေါ့ ရပ်ကွက်က အိမ်ထောင်စု စာရင်းမှာလေ မဲပေးဖို့ စာရင်းမပါဘူးလေ။ အဲဒါကြောင့် ရန်ဖြစ်တာ။ အခုတော့ ဒီနေ့ (၃) နာရီမှာ ရပ်ကွက်လူကြီးက ခေါ်လာလို့ RNDP ပါတီကိုပဲ မဲပေးခွင့် ရတာပါ။ အစ်မက ကျောက်မြောင်းမှာ နေတာဆိုတော့လေ မနက်ပိုင်း ကိုယ့်လမ်းထဲမှာ ရှိတဲ့ လွှတ်တော် သုံးမျိုးကို မဲထည့်ဖို့ စာရင်းထဲမှာ ကိုယ့် နာမည်နေရာမှာ လက်မှတ် ထိုးခိုင်းပြီး မဲပုံးတစ်ပုံးစီကို ထည့်ရတယ်လေ။ ရခိုင် RNDP ပါတီ မဲပုံးရှေ့ကိုလည်း ရောက်တော့ ကိုယ့်နာမည်က မပါလာတော့ ထည့်လို့ မရဘူးတဲ့။ ဘယ်လိုဖြစ်တုန်းဟ ဆိုပြီး အဲဒီမှာ ပြဿနာ စဖြစ်ကြတာလေ။ အစ်မတို့ မဲပေးရတဲ့ နေရာကတော့ ဗျိုင်းရေအိုးစင် ရပ်ကွက် မဲရုံအမှတ် (၈) မှာပေါ့လေ။ အင်း အစ်မ ကြားတာကတော့ ပြည်ပ ရောက်နေတဲ့ သူတွေကျတော့ ပေးလို့ မရဘူးလို့ ပြောသံ ကြားတယ်လေ။ ဒါပေမယ့်နော် ရပ်ကွက်ကတော့ တအိမ်လုံး စာရင်းကို ယူသွားတယ်လို့ ပြောတယ်။ ပြီးတော့ တကယ်လို့ ရှင် မပေးဘူး ဆိုရင်တောင် ရှင့်နာမည်က အိမ်ထောင်စု စာရင်းမှာ ရှိပြီးသား မဟုတ်လား။ ဒါကြောင့် ဒါဟာ ကြိုတင်စီစဉ် ထားတာလေ။ အဲဒီမဲကလည်း ကြံ့ဖွတ်အတွက် ဖြစ်ဖို့ပဲများပါတယ်။

အစကတော့ မဲ သွားမပေး တော့ဘူးလို့။ ဒါပေမယ့် အဖေက သမီး သွားမပေးရင် ကြံ့ဖွတ်မဲ ဖြစ်သွားတော့မယ်။ အဲဒါကြောင့် အစ်မလည်း ပယ်မဲဖြစ်အောင် ကြက်ခြေ သွားခတ် လိုက်တာလေ။ တကယ်လို့ ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်က ရခိုင်လူမျိုးစု ကိုယ်စားလှယ် လွှတ်တော်အမတ်အဖြစ် အရွေးခံမယ့် ဦးဇော်အေးမောင် ရှိရင်တော့ ပေးမယ် ဆိုပြီးတော့လည်း သွားတာလည်း ပါတာပေါ့နော်။ ဘာပဲဖြစ်ဖြစ် ကိုယ့် ရခိုင်လူမျိုးအချင်းချင်း ဆိုတော့က ပေါ့လေ။ အမတို့နာမည်က တခြားပါတီတွေ မဲပုံးအတွက်ပဲ စာရင်းဝင်နေတော့ ရခိုင်မဲပုံးကျတော့ စာရင်း မပါဘူးဆိုတော့ အံ့သြ သွားတယ်လေ။ အဲဒါ မကျေနပ်လို့ “ကွက်ကျားမိုး ရွာတာမျိုးတော့ မလုပ်ပါနဲ့၊ အဓိပ္ပါယ်မရှိဘူး။ စာရင်းထဲမှာ မပါတာက ရပ်ကွက်က ပျက်ကွက်မှုပဲ၊ ဒီကိစ္စကို ဖြေရှင်းပေးပါ”လို့ ပြောလိုက်တော့ ဘာပြောလဲသိလား “အများနဲ့ လုပ်တာမို့”ပါတဲ့။ အဲဒီတော့က “ဒါဆိုလည်း အများနဲ့လုပ် တာဆိုရင် ပိုတိကျအောင် ဂရုစိုက်ပေးရမှာပေါ့၊ ဦးလေးတို့ တာဝန်ပဲလို့” ပြောလိုက်တယ်။

“တခြား လွှတ်တော်အမတ်တွေ အတွက်ကျတော့ မဲထည့်လို့ရပြီး ကိုယ့်လူမျိုး အတွက်ကျမှ ထည့်လို့မရတာ ဘာ သဘောလဲ” လို့ မေးလိုက်တယ်။ ပြီးတော့ အစ်မက “မှတ်ပုံတင်လည်း ရှိတယ်၊ လူအစစ်လည်း ရှိတယ်၊ အချိန်အတိကျလည်း လာတယ်၊ ဒီဟာထက် လွန်ခဲ့တဲ့တလက ကြိုကောက်ထားတဲ့ စာရင်းက ပို အကျူံးဝင်သွား တာလား” “ဒါဆိုရင် ဆန္ဒမဲလို့ ဘာဖြစ်လို့ ခေါင်းစဉ် တပ်ထားသေးလဲ၊ ကျွန်မ ရခိုင်မဲပုံးထဲမှာ မဲထည့်ချင်တယ်၊ စီစဉ်ပေးပါ၊ ကွက်ကျားမိုးတော့ မလုပ်သင့်ဘူး”လို့ ပြောလိုက်တယ်လေ။ အဲဒီတော့မှ ညနေ ၃ နာရီလာခေါ်မယ်တဲ့။ အဲဒီတော့ တိုင်းဒေသကြီး လွှတ်တော်က လူကြီးတွေ ရောက်မှ အစီရင်ခံပေးမယ်တဲ့။ အဲဒါကြောင့် အခုနားကပဲ မဲပေးလို့ ပြန်လာတာလေ။ သူတို့ လာခေါ်တယ်။
ဒါပေမယ့် ရခိုင်တစ်ယောက်မှ မတွေ့ဘူး၊ တိုင်းဒေသက လွှတ်တော် ကိုယ်စားလှယ်ဆိုတဲ့ လူတွေကိုလည်း မတွေ့ဘူး။ ကြံ့ဖွတ်တွေပဲ နေမှာ။ အကုန်လုံးက ဗမာတွေချည်းပဲ ဖြစ်နေတယ်လေ။ အင်း ပြီးတော့ အစ်မကို စာရင်းအသစ်ဖွင့်ပြီး မဲထည့် ခိုင်းတယ်လေ။ အလိမ်လား အစစ်လားတော့ မသိတော့ ဘူးလေ။ ပြီးတော့ မဲပေးတဲ့ ဘောက်ချာစာအုပ်မှာ နာမည် မှတ်ပြီးတော့ ပုံစံ (၁၂) အရ ဆိုပြီး ရေးတယ်။ ပြီးတော့ တစ်ပိုင်းဖြတ်ပြီး ပေးတယ် အစ်မကို။ အဲဒီတပိုင်းမှာ ဦးဇော်အေးမောင်နဲ့ ဒေါက်တာ ထွန်းဇံအောင် ဆိုပြီးတော့ ပါတယ်။ တစ်ကွက်မှာတော့ အမှန်ခြစ်ပြီး ထည့်လိုက် ရတယ်။ အဲလောက်ပါပဲ။

အစ်မနဲ့ သူတို့ အပြန်အလှန် ပြောနေကြတဲ့အချိန်မှာ မဲလာပေးတဲ့ လူတွေများလို့ ကျေနပ်အောင် လုပ်ပေးတာပဲ နေမှာပါ။ အစ်မကတော့လေ မနက် တစ်ခါ ညနေတစ်ခါ မဲပေးရတာ သူများထက် ထူးတယ်။ အိမ်မှာ အတူနေတဲ့ နောက်ထပ် သူငယ်ချင်း တစ်ယောက်ကတော့ မနက်ကတည်းက မဲ မပေးလိုက်ရဘူး ဆိုပြီး စိတ်ဆိုးပြီး အပြင် ထွက်သွားတယ်လေ။ သူ့ကို ထပ်လာခေါ်တော့ မထည့် လိုက်ရတော့ဘူး။ ဟားဟား။ မကြုံဖူးပေါင်။ အစ်မလို အဖြစ်မျိုး တခြား ရပ်ကွက်တွေမှာလည်း ဖြစ်တယ်လို့တော့ ပြောသံကြားတယ်။ သူငယ်ချင်းတစ်ယောက် မိသားစုမှာ ဆိုရင် အမေ၊ အဖေပဲ စာရင်းပါပြီး သားသမီးတွေ တစ်ယောက်မှ မပါလို့တော့ ကြားတယ်။ အင်း အသက် (၂၉) နှစ်မှာ ကြုံရတဲ့ အဖြစ်မျိုးပဲလေ။ အဲဒီ သူငယ်ချင်း မိသားစုမှာ ဆိုရင် (၄) ယောက်စာတောင် မဲ မထည့် ရဘူးလေ။ ကောင်းတာပေါ့နော်။ မောင်လေးတို့လည်း ပြည်ပရောက်နေတော့ ကောင်းတာပေါ့။ ။

(ကျောက်မြောင်း၊ ဗျိုင်း ရေအိုးစင် ရပ်ကွက်တွင် နေသော မိတ်ဆွေတစ်ဦး၏ အတွေ့အကြုံကို ပြန်လည် ဖော်ပြ လိုက်ပါသည်။ )

No comments:

Post a Comment