အဆိပ်ပင် ရေလောင်း မြေသြဇာထည့်သလိုမျိုး ၊အတိတ်လို လူဖြစ်ရှုံးအောင် မဲထည့်ကြမှာလား
ရေလာမြောင်းပေး မဲဆွယ်စကားတွေနဲ့ မြောင်းထဲဆင်းရမဲ့အကြံအစည်
သေတာတောင် ကောင်းသေး၊ လွှဲဖယ် မတရားမှုများနဲ့မပြောင်းလဲမဲ့ ဥာဏ်နက်ဥာဏ်နီ
အဆိပ်ပင် ရေလောင်း မြေသြဇာထည့်သလိုမျိုး
အတိတ်လို လူဖြစ်ရှုံးအောင် မဲထည့်ကြမှာလား....။
အဝေးက မောကြီးပမ်းကြီးပြေးလာတဲ့ ငြိမ်းချမ်းရေးကို
စစ်ဖိနပ်နဲ့ ရင်ဝ ဆောင့်ကန်သလိုမျိုး ၊
စိုးရိမ် ကြောင့်ကြစိတ် ဆိုးကျိုးတွေက
မိုးတိမ်ထိအောင် လှေခါးထောင်တက်နေတဲ့ ခေတ်ဆိုး ။
စစ်ကို ခါးထောင်းကြိုက်ထားတဲ့
စနစ်ပျက် ခေတ်မှောင် မဲမဲမှာ
မလွတ်မလပ် မသေချာဝိုးတိုးဝါးတား မဲထည့်ကြမယ်ဆိုရင်
ကံကြမ္မာဆိုးရွားမှုတွေက မြင်းရိုင်းလိုဒုန်းဆိုင်း ၊
ဘ၀လမ်းကြမ်းမှာ စစ်မုန်တိုင်းလို မွှေနှောက်နေမယ်....။
မဖြေရှင်းပဲထားခဲ့ ရေရှည်ပြဿနာများ လူးလဲထ
မပြတ်သားတဲ့ အကျိုးဆက်တွေရဲ့ စစ်အပူမီးစ
ပြဿဒါးရက်များ ပြက္ခဒိန်မှာ အမွှာပူးမွေးဖွား
လူထု ခံစားချက်တွေက မပဋာလို မြေလူး ၊
လေးလံထိုင်းမှိုင်းတဲ့ အတိတ်ရိုင်းကို ကျောပိုးလို့......။
အမှန်တရားတွေက မိုးခေါင်ရေရှားသလို
အတွေးခေါင်ေ၀၀ါးမှုများ တောင်တန်းလိုကာဆီး
အတိတ်မှာ ရှုံးမဲမဲသူတွေက ညစ်ပတ်
မဲမဲမြင်တိုင်း ဖမ်းဆီးပစ်သတ်
အနာဂတ်ကို လက်ထိပ်ခတ်ခဲ့ပြီ.....။
လူသားအရင်းအမြစ်တွေ ပြုန်းတီးနေပုံက
မုန်တိုင်းတိုက်ပြီးစ ကမ်းရိုးတန်းလို
ဦးနှောက်ယိုစိမ့်မှုတွေက
ရေနံပိုက်လိုင်းများ စိမ့်ထွက် ပေါက်ကွဲသလို
ဘ၀အမောမှာ အပြုံးတွေက ရှားပါး
ငတ်မွတ်ခေါင်းပါးခြင်းတွေက အစုလိုက်အပြုံလိုက်
မျက်နှာထားတင်းတင်းနဲ့ ဒုက္ခတွေက မျက်နှာစုံညီ စည်းဝေးနေတယ်....။
ဒုစရိုက်သမားတွေက စကားချိုချို
ဒုက္ခ အမှုတွဲတွေ တပွေ့တပိုက်နဲ့ မယားလို ငို
ဂရုစိုက်မထားက ဘ၀အခါးပိုပို
မနှစ်မြို့ဖွယ် အဖြစ်အပျက်တွေက
နှစ်ချို့ အရက်လို ပြင်းတယ်......။
ခေတ်အဆက်ဆက် စစ်ရန်တကျက်ကျက် စားပွဲဝိုင်းမှာဖြေရှင်းရမဲ့အစား
အသိခေါက်ခက် အ၀င်နက်တွေက စစ်ကုလားထိုင်ကို ဖက်တွယ်ထားကြတယ်...။
အောင်ခိုင်မြင့်
ကနန်ကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှုအပေါ် CDM ကထိက ဌာနမှူး ဆရာမ
#ဒေါ်ရတီအုန်း ရဲ့ ပြောကြားချက် (Jan 12, 2024)
-
Mobile Medical Team-West Division တာဝန်ခံ
CDM ကထိက ဌာနမှူး ဆရာမ #ဒေါ်ရတီအုန်း ရဲ့ ပြောကြားချက် (Jan 12, 2024)
#တမူး မြို့နယ်၊ #ခမ်းပတ် မြို့အနီးရှိ #ကနန်...
4 months ago
No comments:
Post a Comment